ဂွမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီစစ်ဆေးမှုလုပ်၊ ဧရာဝတီတိုင်းက လူငယ် ၇ ဦးဖမ်းဆီးခံရ

Author သုတ
Categories
Published on Aug 07, 2024

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းနဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ယမန်နေ့ ဩဂုတ်လ ၆ ရက် မနက် ၇ နာရီခန့်မှစတင်ပြီး ဂွမြို့၊ ဆပ်သွားတိုက်နယ်၊ ရွာသစ်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်နဲ့ ဒေသခံတွေကို စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဂွဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“လမ်းသွားလမ်းလာဆိုင်ကယ်၊ ကားတွေကိုရပ်ခိုင်းပြီး မထင်ရင်မထင်သလို ဒူးထောက်ခိုင်းတယ်။ ရိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ သေနတ်နဲ့ ပစ်ဖောက်စစ်ဆေးဖမ်းဆီးမှုတွေ လုပ်နေတာ” လို့ ၎င်းက ပြောပါတယ်။

 

ယမန်နေ့က မှတ်ပုံတင်မရှိသူ လူငယ်ခုနစ်ဦးဖမ်းဆီးခံထားရပြီး ၎င်းတို့ဟာ ရခိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်းဘက်က လူငယ်တွေဖြစ်တယ်လို့ CJ Platform က စုံစမ်းသိရှိပါတယ်။

 

ဒါ့အပြင် မြို့မတိုက်နယ်ဘက်က စစ်ကောင်စီစစ်ဆေးဂိတ်တွေမှာလည်း လမ်းသွားလမ်းလာတွေကို မှတ်ပုံတင်နဲ့ ဖုန်းအပါအဝင် အထုပ်တွေကိုလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ဂွမြို့နယ်အတွင်း ဇွန်လကနေ ဩဂုတ်လ ပထမပတ်အထိ ဒေသခံ အရပ်သား ၅၀ ခန့်ကို စစ်ကောင်စီက AA နဲ့ ဆက်စပ်သံသယအပြင် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထားတယ်လို့ မြို့နယ်အတွင်း ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော်(AA)ရဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့ကို ထိုးစစ်ဆင်မယ်လို့ စစ်ကြေညာထားမှုကြောင့် လုံခြုံရေးပိုမိုတင်းကြပ်ထားကာ အင်အားဖြည့်တင်းမှုတွေလုပ်နေသလို  အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာ – ဂွမြို့နယ်အတွင်း မော်တော်ယာဉ်များကို စစ်ကောင်စီတပ်က စစ်ဆေးနေစဉ်(ပုံဟောင်း)