ထန်တလန်က နောက်ဆုံးတပ်စခန်း ခလရ ၂၆၉ ကို သိမ်းပိုက်လိုက်ပြီးနောက် တစ်မြို့လုံးထိန်းချုပ်နိုင်ဖို့ နီးစပ်လာ

Author ဆလိုင်း
Categories
Published on Aug 05, 2024

ချင်းပြည်(မြောက်ပိုင်း)၊ ထန်တလန်မြို့က စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းကုန်း ခလရ ၂၆၉ တပ်ရင်းကို သိမ်းပိုက်ရရှိပြီးနောက် မြို့ကို ထိန်းချုပ်နိုင်ဖို့ နီးစပ်လာပြီလို့ ချင်းကာကွယ်ရေးတပ်(ထန်တလန်)ထံမှ သိရပါတယ်။

 

အခုလို ခလရ ၂၆၉ ကိုထိန်းချုပ်လိုက်နိုင်တာကြောင့် မြို့ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကို ချင်းလဲန်းကောင်စီ(CC)ရဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ သိရပါတယ်။

စစ်ကောင်စီ အင်အား ၂၀၀ ခန့် အခိုင်အမာ အခြေချထားတဲ့ ထန်တလန်မြို့က ခလရ ၂၆၉ တပ်ရင်းကို ဒီကနေ့ ဩဂုတ်လ ၅ ရက် မနက် ၉ နာရီက သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“မြို့ထဲက ဌာနဆိုင်ရာရုံးတွေမှာ နေရာယူ တပ်စွဲတဲ့ သုံးနေရာ၊ လေးနေရာ ကျန်ဦးမယ်။ အဲဒါက စခန်းမဟုတ်ဘူး။ အင်အားလည်း ဘယ်လောက်မှ မရှိဘူး” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်က ခလရ ၂၆၉ တပ်ရင်းစခန်းကုန်း မကျစေရေး စစ်ကောင်စီရဲ့ ဟားခါးမြို့က တပ်တွေက လက်နက်ကြီးတွေ ပစ်ကူပေးခဲ့သလို လေကြောင်းကနေလည်း ပစ်ကူပေးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

ထန်တလန်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး မြို့တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံး၊ ကိုဗစ်စင်တာ စတဲ့ ရုံးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ဆယ်ဦးကျော်တို့နဲ့ နေရာယူထားတဲ့ စစ်ကောင်စီတပ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေလို့ ထန်တလန်မြို့အတွင်း တိုက်ပွဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွင်း ချင်းကာကွယ်ရေးတပ်(မတူပီ)၊ တပ်မဟာ (၂) ဒုဗျူဟာမှူးတို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ရဲ့ ရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဟားခါးမြို့ နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီ တပ်စခန်း လေးခုကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများကို တွေ့ရစဥ်