တောင်ကုတ်နဲ့ ဂွက စစ်ကောင်စီတပ်တွေကို AA စစ်ကြေညာ

Author လဂွန်းအိမ်
Categories
Published on Aug 02, 2024

ရခိုင်မြောက်ပိုင်းတခွင် သိမ်းလုနီးပါးဖြစ်နေတဲ့ အာရက္ခတပ်တော် AA ဟာ တောင်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ တောင်ကုတ်နဲ့ ဂွမြို့တို့ကို ထပ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ AA က ယမန်နေ့က စစ်ကြေညာလိုက်ပါတယ်။

 

သံတွဲမြို့ရှိ မဇင်လေဆိပ်၊ ဟိုတယ်ဇုံအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ AA ရဲ့ ယမန်နေ့ ဩဂုတ် ၁ ရက် ထုတ်ပြန်ချက်ထဲ ဆိုထားပါတယ်။

 

အဲဒီနောက် သံတွဲမြို့ မြောက်ဘက်ရှိ တောင်ကုတ်မြို့နဲ့ တောင်ဘက်မှာရှိတဲ့ ဂွမြို့တို့က သိမ်းပိုက်ဖို့ကျန်နေတဲ့ စစ်စခန်းများအားလုံးကို အာရက္ခတပ်တော် AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

ဒါပေမဲ့ ဘယ်တော့ တိုက်မယ်ဆိုတာတော့ ထည့်သွင်းပြောထားတာတော့ မရှိသေးပါဘူး။

 

ယခုနှစ် ဧပြီလထဲကစလို့ သံတွဲနဲ့ အမ်းမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့စဉ်ကတည်းက တောင်ကုတ်မြို့ဘက်မှာ စစ်ကောင်စီတပ်တွေက ခံစစ်စတင်ပြင်ဆင်ခဲ့သလို ဒေသခံတွေနဲ့ Non-CDM တွေ ပြောင်းရွှေ့နေခဲ့ကြတာပါ။

 

ဒါ့အပြင် AA က သံတွဲမြို့ကို စစ်ကောင်စီက ရေလမ်းဘက်ကနေ ထိုးစစ်ဆင်မှုတွေပြန်လုပ်လာလို့ အဲဒီဒေသနဲ့ ဂွ ပင်လယ်ပြင်တဝိုက် အရပ်ဘက် မော်တော်ဘုတ်နဲ့ လောင်းလှေတွေ မသွားလာဖို့ကိုလည်း သတိပေးတားမြစ်ချက် ထုတ်ပြန်လာပါတယ်။

 

AA ရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်ထဲ စစ်ကောင်စီရဲ့ အကျပ်ကိုင်ဖိအားပေးစေခိုင်းမှုရှိရင်လည်း မပူးပေါင်းဖို့နဲ့ မလုပ်ဆောင်ဖို့ကို စစ်ရေးလိုအပ်ချက်ရ သတိပေးတယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ အရေးပေါ်သွားလာလိုရင်တော့ သက်ဆိုင်နယ်မြေမှူးနဲ့ အုပ်ချုပ်ရေးမှူးများကို အကြောင်းကြားပြီး သတ်မှတ်လမ်းကြောင်းအတိုင်းသွားလာဖို့နဲ့ လုံခြုံရေးအရ စစ်ဆေးမှုရှိပါက အစစ်ဆေးခံဖို့ကိုလည်း AA က တိုက်တွန်းထားပါတယ်။

 

လက်ရှိ မောင်ရွှေလေးရေတပ်စခန်းနဲ့ ဘင်္ဂလားပင်လယ်ပြင်ထက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြပြင်၊ ဂျိတ်တောအပါအဝင် သံတွဲမြို့က လက်လွှတ်ဆုံးရှုံးထားရတဲ့ စခန်းတွေပြန်လည်ရယူနိုင်ဖို့ ထိုးစစ်ဆင်နေလို့ အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း ဆိုပါတယ်။

 

ဒါ့အပြင် အဲဒီမှာ စစ်ကောင်စီဘက်က အရပ်သားမော်တော်ဘုတ်များအသုံးပြုပြီး ရေကြောင်းကနေ စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

 

ဒါ့အပြင် မြပြင်၊ ဂျိတ်တော၊ ကွင်းဝိုင်းတို့ဘက်မှာလည်း စစ်ကောင်စီတပ်၊ အုပ်စုငယ်တွေနဲ့ AA တို့ တစ်ခါတစ်ရံတိုက်ပွဲဖြစ်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

 

ဒါကြောင့် အခုထုတ်ပြန်ချက်ပါ အချက်များကို ဩဂုတ် ၁ ရက်ကစပြီး ရုပ်သိမ်းတယ်လို့ မထုတ်ပြန်မချင်း လိုက်နာကြဖို့ ဆိုပါတယ်။

 

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA က ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်က ပလက်ဝစတဲ့ ဆယ်မြို့နယ်ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

 

သံတွဲမြို့ကိုလည်း ဇူလိုင် ၁၆ ရက်နေ့က ထိန်းချုပ်ထားနိုင်ပြီး အလုံးစုံရရှိရေး လက်ကျန်စစ်ကောင်စီတပ်စခန်းများကို စစ်ရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

 

မောင်တောမြို့ရဲ့ လက်ကျန်စခန်းတွေဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ရင်း နခခ ၅ ၊ ရွှေဇား၊ မြို့မကညင်တန်း၊ မောင်နီ၊ လသာ၊ ဇူလ၊ POE အဝင်အထွက် စခန်းတွေကို ဇူလိုင် ၃၀ ရက်ကနေစတင်ပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – ဇူလိုင် ၁၁ ရက်နေ့က ကမ္ဘာကျော်ငပလီကမ်းခြေရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ရေသူမရုပ်နောက်ခံ ထားပြီး ရိုက်ကူးထားတဲ့ အာရက္ခတပ်ဖွဲ့ဝင်များကိုတွေ့မြင်ရစဉ်