တိုက်ပွဲကြောင့် ပိတ်ထားတဲ့ တီးတိန် ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်

Author ဆလိုင်း
Categories
Published on Aug 02, 2024

ချင်းပြည်(မြောက်ပိုင်း) တီးတိန်မြို့တွင်းတိုက်ပွဲကြောင့် နှစ်လအကြာ ပိတ်ထားတဲ့ ပြည်သူ့ဆေးရုံကို ယမန်နေ့ ဩဂုတ်လ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

အဲဒီ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဒေသခံလူမှုအဖွဲ့အစည်း၊ ဘာသာရေးခေါင်းဆောင်၊ ဒေသခံလူကြီးတွေနဲ့ စစ်ကောင်စီတပ်တို့က ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ပြင်ဆင်ဆောင်ရွက်ရာကနေ ယခုမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

“ဆေးရုံကို မနေ့က ပြန်ဖွင့်ပါပြီ။ လောလောဆယ် ဆေးရုံမှာ လက်ထောက်ဆရာဝန် နှစ်ဦးရှိတယ်။ ဆေးရုံက ကုတင် ၁၀၀ ပြည်သူ့ဆေးရုံဖြစ်ပါတယ်။ ဆေးရုံတက်တဲ့ လူနာတွေက မရှိသေးဘူး။ ပြည်သူတွေအတွက် ကျန်းမာရေးက အရေးကြီးတဲ့အတွက် အားလုံးဝိုင်းဝန်ပြီး ဆေးရုံကို ပြန်ဖွင့်နိုင်ခဲ့တာပါ” လို့ တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တီးတိန်မြို့မှာ မေလ နောက်ဆုံးအပတ် တိုက်ပွဲကာလအတွင်း လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပေမဲ့ အခုတော့ ပြန်လည်ရရှိနေပြီဖြစ်သလို စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိ တီးတိန်မြို့မှာ တိုက်ပွဲတွေမရှိတော့တဲ့အတွက် စျေးဆိုင်တွေ ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပြီး မြို့ခံတွေလည်း ပုံမှန်အတိုင်း သွားလာနေကြပြီလို့ သိရပါတယ်။

 

 

ဓာတ်ပုံ – လူမူကွန်ရက်