မြောက်ဥက္ကလာ ၂ ရပ်ကွက်ရုံးမှာ ဗုံးပေါက်
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ အဲဒီရပ်ကွက်နေသူများထံမှ သိရပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအဆောက်အအုံတချို့ မီးလောင်ပျက်စီးတာရှိနိုင်တယ်လို့ ၂ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
“ညက ၈ နာရီဝန်းကျင်လောက်ကြားရတာ။ အပြင်ဘက်ထွက်ကြည့်တော့ ရပ်ကွက်ရုံးက မီးခိုးတွေပါထွက်လာတယ်။ အသံကလည်း အကျယ်ကြီးပဲ။ လူအထိအခိုက်ရှိ/မရှိတော့ သေချာမသိဘူး။ ရုံးအဆောက်အအုံတော့ အပျက်အစီးရှိနိုင်တယ်။ ဘာလို့ဆို မီးလောင်ပြီး မီးခိုးထွက်တာက အကုန်လုံးမဲမှောင်ကုန်တာကို” လို့ ၎င်းက ပြောပါတယ်။
ပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားအများအပြားနဲ့ ၂ ရပ်ကွက်ဈေးတစ်ဝိုက်နဲ့ မယ်လမုဘုရားလမ်းဆုံအထိ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။
အခုဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့ကပြုလုပ်တာလည်းဆိုတာတော့ ဒီကနေ့ ဩဂုတ် ၂ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက် ညပိုင်းကလည်း လှည်းကူးမြို့နယ်က စစ်မှုထမ်းဟောင်းရုံးနဲ့ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ခလရ ၈၂ ကင်းဂိတ်စခန်းကို အဝေးထိန်းမိုင်းတွေနဲ့ Operation Flame (OF)အဖွဲ့က တပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရခဲ့တာတွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၉ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်ကလည်း လှိုင်သာယာမြို့နယ်၊ ပုသိမ်လမ်းမပေါ် ဗိုလ်ချုပ်မှတ်တိုင်နဲ့ အဆင်မြင့်မှတ်တိုင်ကြားမှာ စစ်ကောင်စီပတ်ကင်းယာဉ်တန်းကို HAND GOD’s Force အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဇူလိုင်လ ၆ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ တပ်မတော်စုဆောင်းရေးတပ်ကို Yangon Army အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရခဲ့ပါသေးတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်