မောင်တောက နောက်ဆုံးခံတပ်သိမ်းပိုက်ဖို့ AA ဆက်ထိုးစစ်ဆင်နေလို့ မြို့အနီး တိုက်ပွဲပြင်းထန်နေ

Author သုတ
Categories
Published on Jul 30, 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ နောက်ဆုံးကျန်တဲ့ မြို့သူကြီးနခခ(၅)တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတဲ့အတွက် မောင်တောမြို့နဲ့အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။

 

ဒါကြောင့် မြို့သူကြီးတပ်ကနေ နေ့စဉ်ဆိုသလို လူနေကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

 

ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက မြို့သူကြီးတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ကံသာယာကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒါကြောင့် အဲဒီရွာက ဒေါ်ညိုမ (၇၃)နှစ်၊ ဒေါ်မသန်းစိန် အသက်(၄၂)နှစ်၊ မဝါဆိုမိုး (၁၃)နှစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဘထွန်းအောင်နဲ့ ဦးကျော်ဘန်းအောင် (၆၆)နှစ်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ထိခိုက်သူတွေကတော့ အရွယ်စုံပဲ။ ကလေး၊ လူလတ်၊ လူကြီးတွေပေါ့။ ငါးယောက်ထိထားတယ်။ ကျား နှစ်ဦးကတော့ ဒဏ်ရာပြင်းတယ်။ ကျည်စတွေ မှန်ထားတော့ တစ်ကိုယ်လုံးနီးပါးပါပဲ။ လောလောဆယ် အဆင်ပြေသလို ဆေးကုသမှုခံနေကြရတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒဏ်ရာပြင်းထန်သူနှစ်ဦးကို အဲဒီက ဆေးဝါးကျွမ်းကျင်သူများက အရေးပေါ်ဆေးကုသမှု ပေးထားတယ်လို့ ၎င်းက ပြောပါတယ်။

 

အာရက္ခတပ်တော် AA က မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်းနဲ့ နခခ(၉)စခန်း၊ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာ၊ နခေါင်းတိုစခန်းနဲ့ မကျည်းချောင်းနယ်ခြားစောင့်စခန်းတို့ကို သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news