ရမခရှိရာ လားရှိုးကို MNDAA သိမ်းပြီလို့ ထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on Jul 25, 2024

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းမြောက်က လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ဒီကနေ့ မနက် ၄ နာရီမှာ လုံးဝသိမ်းပိုက်လိုက်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

 

MNDAA ဟာ ဇူလိုင် ၂ ရက်ကမှ စတိုက်ခဲ့တာကြောင့် စစ်ဌာနချုပ်ရှိတဲ့မြို့ကို ၂၃ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း တရုတ်ကွန်မြူနစ်အစည်းအဝေးရှိနေလို့ ဇူလိုင် ၁၄ ကနေ ၁၈ ရက်အထိ တစ်ဖက်သတ်အပစ်ရပ်တယ်လို့ ကြေညာခဲ့သလို ဇူလိုင် ၂၀ ရက်မှာလည်း လကုန်အထိ အပစ်ရပ်တယ်လို့ MNDAA က ကြေညာထားတာပါ။

 

ကိုးကန့်တပ်ရဲ့ လားရှိုးမြို့သိမ်းထုတ်ပြန်ချက်ကို တရုတ်ဘာသာနဲ့လည်း ရေးသားထုတ်ပြန်ထားတာ တွေ့မြင်ရသလို မြန်မာဘာသာအနေနဲ့

 

“သတင်းထူး-(လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်) ၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

 

ရှမ်းမြောက်က တော်လှန်ရေးရဲဘော်အသိုင်းအဝိုင်းကလည်း သူတို့ရဲ့လူမှုကွန်ရက်တွေကနေ ကိုးကန့်တပ်ကို ဂုဏ်ယူကြောင်း ပြောကြားနေကြသလို နောက်ဆက်တွဲသတင်းတွေ ထပ်လာမယ်လို့ ပြောဆိုနေကြပါတယ်။