ပတ္တမြားမြေ မိုးကုတ်မြို့ကို TNLA/PDF အလုံးစုံသိမ်း

Author လဂွန်းအိမ်
Categories
Published on Jul 24, 2024

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း၊ မိုးကုတ် တစ်မြို့လုံးကို တအာင်းတပ် TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

ဒါဟာ မန်း PDF ရဲ့ စဉ့်ကူးမြို့ပြီးနောက် မန္တလေးတိုင်းထဲ ဒုတိယမြောက် စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့မြို့အဖြစ် သမိုင်းဝင်သွားပါတယ်။

 

TNLA/PDF တို့ဟာ မိုးကုတ်မြို့ အနောက်ပိုင်းကို အတန်ကြာထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် အရှေ့ပိုင်းက တပ်စခန်းအားလုံးကိုလည်း ဒီကနေ့မှာ ထပ်မံသိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ပါတယ်။

 

မိုးကုတ်မြို့ဟာ ဒီကနေ့မှာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ခဲ့ပြီးနောက် မြို့တွင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ပန်းများနဲ့ သောင်းသောင်းဖျဖျကြိုဆိုခဲ့ ကြပါတယ်။

 

ဒါ့အပြင် TNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ မိုးမိတ်မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေပြီး မိုးမိတ်မြို့ရဲ့ စစ်ကောင်စီလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ မိုးမိတ်ဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ရက် ၃၀ မြောက်နေ့ တိုက်ပွဲအနှစ်ချုပ်အဖြစ် သတင်းထုတ်ပြန်ပါတယ်။

 

ဇူလိုင် ၁၀ ရက် ညနေပိုင်းမှာ ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ကိုလက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားပြီး ဒီကနေ့မှာ အုမ္မတီးကျေးရွာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို သဲခေါ်ကျေးရွာအနီးမှာ TNLA နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့သေးတယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA/PDF တွေဟာ ယခု မိုးကုတ်မြို့နဲ့ နောင်ချိုမြို့တို့ကို သိမ်းပိုက်ထားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)က စဉ့်ကူးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

 

 

ဓာတ်ပုံ – PSLF/TNLA