လားရှိုးကနေ ဆိုင်ကယ်နဲ့ မိသားစုလိုက် စစ်ရှောင်လာသူ ယာဉ်မတော်တဆဖြစ်ကာ အမျိုးသားဖြစ်သူ သေဆုံး  

Published on Jul 20, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးကနေ ဆိုင်ကယ်တစ်စီးနဲ့ စစ်ရှောင်လာတဲ့ မိသားစုတစ်စုဟာ ဇူလိုင် ၁၉ရက်နေ့ ညနေ ၄နာရီခန့်က နမ့်လန်းလမ်းမပေါ်မှာ တွဲကားတစ်စီးနဲ့ တိုက်မိပြီး အမျိုးသားဖြစ်သူ နေရာပဲ သေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ကိုစိန်ထွန်း အသက် (၃၁)နှစ်ဟာ နေရာမှာ သေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူဟာ နောက်စေ့ပွင့်ဒဏ်ရာနဲ့ သတိမေ့မျောနေကာ အတူလိုက်ပါလာတဲ့ သမီးငယ်လေးကတော့ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

“ လားရှိုးဘက်ကနေ နမ့်လန်ဘက်ကို သွားတာ။ သူတို့က ဆိုင်ကယ်စီးလာတာ။ တွဲကားနဲ့ ချိတ်မိတာ။အမျိုးသားဖြစ်သူက နေရာမှာတင်သေတယ်။ အမျိုးသမီးကလည်း စိုးရိမ်ရတယ်။ အခြေအနေက ဘယ်လိုနေတယ် ပြောမရသေးဘူး။ ကလေးကလည်း ကြောက်လန့်ပြီး စကားမပြောနိုင်သေးဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့ လေးရက်ကြာ အပစ်ရပ်ကြေညာမှု ပြီးဆုံးသွားပြီတဲ့နောက် ကိုးကန့်တပ် (MNDAA) ဟာ လားရှိုးမြို့မှာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက စတင်ပြီး ထိုးစစ်ဆင် နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး လားရှိုးမြို့ခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေ​ကြရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ မိသားစုကို မြင်ရပုံ (ပုံဟောင်း)