ဗိုလ်ချုပ်ကိုလွမ်းလို့ဆိုပြီး အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်မှာ စာတမ်းချိတ်ဆွဲဆန္ဒထုတ်ဖော်

Author ကိုထားဝယ်
Categories
Published on Jul 19, 2024

၇၇ နှစ်မြောက် အာဇာနည်နေ့ဖြစ်တဲ့ ယနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်ကောင်စီ လုံခြုံရေးတင်းထားတဲ့ကြားမှ ဗိုလ်ချုပ်ကိုလွမ်းလို့ဆိုပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)မှ စာတမ်းချိတ်ဆွဲဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

“ဦးအောင်ဆန်းရေ အာဏာရှင်တစ်စုကြောင့် လူထုမျက်ရည်ကျနေရပြီ” ဆိုတဲ့ စာတမ်းကို ရန်ကုန်မြို့တစ်နေရာရှိ ခုံးကျော်တံတားပေါ် SC Strike က ချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

ယခုမျက်မှောက်ကာလမှာ စစ်အာဏာရှင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုကြောင့် တိုင်းပြည်မှာ အဘက်ဘက်မှ ယိုယွင်းပြိုကျပျက်စီးနေပြီး ပြည်သူလူထုတစ်ရပ်လုံးမှာ အခက်အခဲအကျပ်အတည်း မျိုးစုံ ကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။

 

ယခုအခြေအနေမှာ “တိုင်းပြည်နဲ့ ပြည်သူလူထုကိုသာရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်တဲ့ တပ်မတော်တည်ထောင်သူ ဦးအောင်ဆန်းလို ဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတသောရည်ရွယ်ချက်ဖြင့်” ယခုလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)က ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – SC Strike