ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်


ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေခြင်းနဲ့ဆက်စပ်ကာ မွန်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ တနင်္သာရီ တိုင်းတို့က မြို့တချို့မှာ နေရာကွက်ပြီးမိုးကြီးခဲ့တယ်လို့ စစ်ကောင်စီ မိုးဇလဌာနရဲ့ ယနေ့ ဇူလိုင် ၁၈ ရက် နေ့လယ် ၁ နာရီခွဲ တိုင်းထွာချက်အရ သိရပါတယ်။

 

ဒီနေ့ စံချိန်တင်မိုးရေချိန်တွေအဖြစ် ကျိုက္ခမီမြို့မှာ ၇ ဒသမ ၂၈ လက်မ၊ ချောင်းဆုံမှာ ၆ ဒသမ ၃၀ လက်မ၊ မုဒုံမှာ  ၅ ဒသမ ၂၈ လက်မ၊ ရေးမှာ ၄ ဒသမ ၉၃ လက်မ၊ သထုံမှာ ၄ ဒသမ ၀၂ လက်မ၊ မြိတ်မှာ ၃ ဒသမ ၃၉ လက်မ၊ ဘားအံနဲ့ မော်လမြိုင်မြို့တို့မှာ ၂ ဒသမ ၉၆ လက်မစီနဲ့ ဟိုင်းကြီးကျွန်းမှာ ၂ ဒသမ ၉၁ လက်မ၊ ပေါင်မှာ ၂ ဒသမ ၈၇ လက်မ၊ ကော့ကရိတ်မှာ ၂ ဒသမ ၅၆ လက်မအထိ ရွာသွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေသို့ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေတယ်လို့ ဆိုထားပါတယ်။

 

နောက် နှစ်ရက်အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရခိုင်၊ ကရင်နဲ့ မွန်စတဲ့ တိုင်းနဲ့ပြည် နယ်တို့မှာ မိုးပိုမိုရွာသွန်းမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါသေးတယ်။

 

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုနဲ့ မုတ်သုံလေအားကောင်းမှုများကြောင့် မိုးရွာသွန်းကာ ဧရာ၀တီ၊ ဒုဋ္ဌ၀တီ၊ ချင်းတွင်း၊ ငဝန်၊ တိုးမြစ်စတဲ့ မြစ်တွေမှာ မြစ်ရေမြင့်တက်ပြီး စစ်ကိုင်း၊ မြစ်ငယ်၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ မုံရွာ၊ ငါးသိုင်းချောင်း၊ မအူပင် စတဲ့မြို့ပေါင်း (၂၁)မြို့မှာ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

 

မြစ်ရေကြီးမှု သတိပေးချက်အနေနဲ့ ဇူလိုင် ၁၈ ရက် နေ့လယ် ၁ နာရီခွဲတိုင်းထွာချက်အရ ငဝန်မြစ်ရေဟာ သာပေါင်းမြို့မှာ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တဲ့အတွက် မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – ကိုထက်