ရန်ကုန်က စက်မှုဇုန်တွေ တစ်နေ့ကို လေးနာရီသာ လျှပ်စစ်မီးရနေပေမဲ့ မီတာခ တိုးကောက်မယ်လို့ စစ်ကောင်စီပြောဟုဆို

Author ကိုထက်
Categories
Published on Jul 18, 2024

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘယ်နေရာမှ မနိုင်မနင်းဖြစ်နေတဲ့ စစ်ကောင်စီဟာ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်တွေကို တစ်ရက်ကို လေးနာရီသာ လျှပ်စစ်မီးပေးတော့ပေမဲ့ မီတာချတိုးကောက်မယ်လို့ စစ်ကောင်စီက ပြောထားကြောင်း စက်ရုံတာဝန်ရှိသူများထံမှ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

ယခင် တစ်ရက်ကို မနက် ၅ နာရီမှ ညနေ ၅ နာရီအထိ ၁၂ နာရီကြာ မီးပေးပေမဲ့ ယခုမိုးတွင်းကာလ လပိုင်းတွေမှာ တစ်နေ့လုံးမှ လေးနာရီသာ မီးရတော့တယ်လို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ရုံရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပြီးခဲ့တဲ့မိုးရာသီကတောင် တစ်နေ့ကို မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ မီးရတယ်။ အခု ၆ လပိုင်းကုန်ခါနီးလောက်ကစပြီးကို တစ်ရက်လုံးနေမှ လေးနာရီလောက်ပဲရတော့တယ်။ အဲဒါကလည်းမငြိမ်ဘူး။ လာလိုက်ပြတ်လိုက်ပဲ” လို့ ၎င်းက ပြောပါတယ်။

 

စက်ရုံတွေကို လျှပ်စစ်မီး‌တစ်ရက်လုံးမှ လေးနာရီသာပေးသော်လည်း မီတာခများတိုးကောက်မယ်လို့လည်း ပြောဆိုထားကြောင်း ရန်ကုန်က နောက်ထပ်အထည်ချုပ်စက်ရုံတစ်ရုံရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

“မီတာခ‌တွေတိုးကောက်မယ်ပြောပြီးကတည်းက မီးက လေးနာရီလောက်ပဲရတော့တာ။ မီးစက်ပဲ တောက်လျှောက်နှိုးပြီးလုပ်နေရတယ်။ မီးစက်ကလည်း တောက်လျှောက်နေ့တိုင်းနှိုးပြီးလုပ်ရရင်လည်း စက်တွေပျက်တာတွေ၊ နောက်ပြီး စက်သုံးဆီဈေးကလည်း တက်နေတာလေ။ အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် မိုးတွင်းဘက်ကိုတော့ မီးကိုအချိန်ကြာကြာလေးပေးစေချင်တယ်” လို့ ၎င်းက ပြောပါတယ်။

 

လျှပ်စစ်မီးပြတ်ပါက စက်သုံးဆီဝယ်ယူကာ လုပ်ငန်းလည်ပတ်နိုင်ဖို့ လုပ်ဆောင်ရပေမဲ့ စက်သုံးဆီကိုလည်း ခွဲတမ်းနဲ့ဝယ်ယူနေရတယ်လို့ စက်ရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၂၉ ဇုန်ရှိပြီး လုပ်သား ခုနှစ်သိန်းကျော် လုပ်ကိုင်နေတာပါ။

 

ရန်ကုန်မှာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီကစလို့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ကာ ပြည်သူလူထုရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်တာတွေ၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတချို့ ပိတ်သိမ်းရတာတွေအပြင် ယခုအခါ အကြီးစားစက်မှုလုပ်ငန်းတွေအထိ သက်ရောက်မှုလာနေပါတယ်။

 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ကတော့ ရွှေလီ- မန်စံ ရွှေစာရံ ဓာတ်အားလိုင်းအပြစ်ဖြစ်နေပြီး နယ်မြေအခြေအနေရ ပြုပြင်ဖို့ခက်နေသေးတာကြောင့် ရန်ကုန်မှာ မီးယာယီပြတ်တောက်မှုတွေ ဆက်ရှိနေဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်