စစ်ကောင်စီက မတရားပျူအဖြစ် ဝင်ခိုင်းလို့ ကလေးမြို့သို့ တိမ်းရှောင်ရသူ အိမ်ထောင်စု ၂၀၀ ခန့်ရှိ

Author မင်းထက်
Categories
Published on Jul 18, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က အင်းကျွန်းကျေးရွာက ပျူစောထီးအဖွဲ့ထဲ အတင်းအဓမ္မသွပ်သွင်းခြင်းခံရခြင်းမှ ကင်းလွတ်နိုင်ဖို့ တိမ်းရှောင်ရသူ အိမ်ထောင်စု ၂၀၀ ခန့်အထိရှိလာပြီဖြစ်တယ်လို့ အဲဒီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

 

အင်ကျွန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး(ပြည်သူ့စစ်)တွေ အခြေချနေထိုင်ကြပါတယ်။

 

ပျူစောထီးတွေဟာ ဒေသခံတွေအပေါ် မတရား ပျူအဖြစ် စေခိုင်းတဲ့အပြင် စစ်တပ်ကလည်း မျိုးစုံမတရားနှိပ်စက်မှုကြောင့် အဲဒီမိသားစုဝင်တွေ တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်အခြေချနေထိုင်ရာ အင်းကျွန်းကျေးရွာက တပ်သားအဖြစ် မတရားစုဆောင်းခြင်းမှလွတ်မြောက်နိုင်ရန် ထွက်ပြေးတိမ်းရှောင်လာသူ အိမ်ထောင်စု ၂၀၀ ခန့်အထိရှိတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာသူအများအပြားလည်းရှိနေတယ်လို့ ကလေးပအဖထံမှ သိရပါတယ်။

 

ဒါ့အပြင် မကွေးတိုင်းမှ တိမ်းရှောင်လာသူ အိမ်ထောင်စု ၆၅၀ ခန့်အထိ ရှိနေတယ်လို့ ယင်းမြို့နယ် လူသားစာနာတာ၀န်ခံက ပြောပါတယ်။

 

ဒါကြောင့် ကလေးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထိန်းကျောင်းမှုနဲ့ မြို့နယ်လူသားစာနာအဖွဲ့က စားရေးသောက်ရေးနေထိုင်ရေးကအစ စီစဥ်ပေးထားတယ်လို့လည်း သိရပါတယ်။

 

အဲဒီမိသားစုကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ မြို့နယ်လူသားစာနာဌာနမှ စင်းကြားမိုးကာ ငါးသောင်းကျပ်ဖိုးထောက်ပံ့ပေးခဲ့တယ်လို့ ကလေးမြို့နယ် လူသားစာနာတာ၀န်ခံက ပြောပါတယ်။

 

 

ဓာတ်ပုံ – ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

 

ပုံစာ – ယမန်နေ့က အင်ကျွန်းရွာမှ ထွက်ပြေးလာတဲ့မိသားစုကို မိုးကာများလှူဒါန်းနေစဉ်