တန့်ဆည်နဲ့ ကျွန်းလှရှိ နေအိမ် ၁၆၀ ထက်မနည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

Author Gold 
Categories
Published on Jul 17, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ကျွန်းလှမြို့နယ်တို့ရှိ ဒေသခံနေအိမ် ၁၆၀ ထက်မနည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီဒေသခံများထံမှ သိရပါတယ်။

 

အဲဒီဒေသတွေမှာ မွှေနှောက်နေတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၆၁ တပ်ရင်းနဲ့ ဘုန်းကြီး ဦးဝါသဝ ပျူစောထီး(ပသစ)အဖွဲ့ရဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဇူလိုင် ၁၃ နဲ့ ၁၄ ရက်တို့အတွင်း မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။

 

အဲဒီပူးပေါင်းစစ်ကြောင်းဟာ ကျွန်းလှမြို့နယ်က ငါးရွာအုပ်စုဖြစ်တဲ့ စစ်တော၊ ညောင်ကိုင်း၊ ပေါယော၊ သရက်တထောင်၊ ကနီ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာပြီးနောက် ပေါယောကျေးရွာက နေအိမ် ၁၆ လုံး၊ တန့်ဆည်မြို့နယ်က ပုတီးကျေးရွာက အိမ်ခြေ ၈၈ လုံးနဲ့ စီးသာကျေးရွာက အိမ်ခြေ ၆၂ လုံးတို့ကို မီးရှို့ခဲ့တယ်လို့ အဲဒီမြို့နယ်က ဒီအကြောင်းအရာတွေကိုသိရှိထားတဲ့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပေါယောနဲ့ စီးသာကို အရင်စရှို့တာ ရှို့ပြီး ပြန်သွားတယ်။ အင်တိုင်းဘက်ကို အဲဒီကနေ တစ်ခေါက်ပြန်လာပြီး ပုတီးကို နောက်ရက်(ဇူလိုင် ၁၄ ​ရက်)လာရှို့တာ” လို့ ၎င်းက ပြောပါတယ်။

 

ပျူစောထီးခေါင်းဆောင်ဘုန်းကြီး ဦးဝါသဝဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက တန့်ဆည်မြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ထိပ် အင်တိုင်းကျေးရွာမှာ အထိုင်ချတပ်စွဲကာ အနီးအနားကျေးရွာတွေကို တော်လှန်ရေးအားကောင်းတဲ့ ရွာတွေအဖြစ်သတ်မှတ်ပြီး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေတာလို့ ၎င်းက ဆက်ပြောပါတယ်။

 

အဲဒီအဖွဲ့ဟာ ယခုနှစ် ဧပြီလကနေ သဖန်းဆိပ်ဆည်ဘက်က ကျေးရွာများကိုပေးနေတဲ့ လျှပ်စစ်မီးကို တော်လှန်ရေးအဖွဲ့တွေမရအောင် လုပ်ဆောင်နေတယ်လို့လည်း CJ Platform နောက်ထပ် ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ကျွန်းလှနယ်က ရေနံမှော်တွေကို အပိုင်စီးကာ ရေနံစိမ်းသယ်တဲ့ ကားတွေဆီက ဆက်ကြေးရဖို့ ပျူစောထီးအထိုင်တပ်က ကြိုးစားနေတယ်လို့ ၎င်းက ဆိုပါတယ်။

 

လတ်တလော ဦးဝါသဝစစ်ကြောင်းဟာ ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကန့်ဘလူ(၆၀၀၆)တပ်ရင်းကို ပြန်ဆုတ်သွားပြီး အင်အားဖြည့်တင်းနေကာ ယနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းအထိ ငြိမ်နေတယ်လို့ ဆိုပါတယ်။

 

ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်က ယခုလို မီးရှို့ဖျက်ဆီးနေတာကြောင့် အထက်ပါ ကျေးရွာတွေက  လူဦးရေ ၁၀,၀၀၀ ခန့် ဘေးလွတ်ရာ တောတောင်တွေနဲ့ အနီးနားကျေးရွာတွေဆီ စစ်ရှောင်နေကြရတယ်လို့  သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ –  စီးသာကျေးရွာက မီးရှို့ခံရတဲ့ နေအိမ်တွေ