ဖလမ်းမှာ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CNDF ထံ အလင်းဝင်

Author ဆလိုင်း
Categories
Published on Jul 17, 2024

ချင်းပြည်၊ ဖလမ်းမြို့မှာ စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ယမန်နေ့ ဇူလိုင် ၁၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီရဲ့ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းမှ ဒုတပ်ကြပ် မိုးစက်ဆိုသူဟာ MA-4 သေနတ် တစ်လက်၊ ကျည်ဘောက် လေးခု၊ ကျည်ဆန် ၁၂၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၄ လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။

 

ဒါကြောင့် ၎င်းကို ဆုကြေးငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ CNDF မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အလင်းဝင်လာတာက တစ်ပတ်လောက်ရှိပါပြီ။ သူရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ မထုတ်ပြန်တာပဲ ရှိပါတယ်။ ကျွန်တော်တို့အခု လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားပါပြီ။ လက်နက်တွေပါလာတဲ့အတွက် ဆုကြေးငွေ ချီးမြင့်ပေးခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖလမ်းမြို့မှာ တာဝန်ကျတဲ့ စစ်ကောင်စီ တပ်သားနဲ့ ရဲတပ်သားတွေဟာ အလင်းဝင်ချင်ပေမဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် အများစုဟာ အလင်းမဝင်နိုင်ဘဲဖြစ်နေတယ်လို့ CNDF က ဆိုပါတယ်။

 

လက်ရှိ စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့မှာ စစ်ရေးအတွက် ခံစစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – CNDF

 

ပုံစာ- အလင်းဝင်လာတဲ့ စစ်ကောင်စီ ဒုတပ်ကြပ်ကို တွေ့ရစဥ်