မတ္တရာမှာ စစ်စခန်းနှစ်ခု ထပ်သိမ်း၊ ကျောက်တံတားတပ်စခန်းကိုလည်း ထပ်သိမ်းမယ်လို့ မန်း PDF ကြွေးကြော်

Author လဂွန်းအိမ်
Categories
Published on Jul 17, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီရဲ့ Alpha ဘိလပ်မြေစက်ရုံတပ်စခန်းနဲ့ တောင်တံငါတပ်စခန်းတို့ကို ဇူလိုင် ၁၆ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က မြောက်တံငါစခန်းနဲ့ Alpha ဘိလပ်မြေစက်ရုံကာကင်းစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မတ္တရာနယ်အတွင်း တပ်စခန်းစုစုပေါင်း ၂၈ ခုအထိရှိလာခဲ့ပြီလို့ သိရပါတယ်။

ဇူလိုင်လ ၁၄ ရက် မန်း PDF က Alpha ဘိလပ်မြေစက်ရုံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်ရုံကို မီးရှို့ထွက်ပြေးဆုတ်ခွာသွားတယ်လို့ မန်း PDF ထံမှ သိရပါတယ်။

ယင်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၄ လောင်းခန့်နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ မန်း PDF ရဲ့ ဓာတ်ပုံမှတ်တမ်းများအရ သိရပါတယ်။

 

ဒါ့အပြင် မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားတပ်စခန်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေးတိုက်ခိုက်နေတယ်လို့ Mdy-PDF က ဆိုပါတယ်။

လက်ရှိ မတ္တရာမြို့နယ် စစ်ဆင်ရေးအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးအလောင်းများ၊ စစ်သုံ့ပန်းများ၊ လက်နက်ချအလင်းဝင်လာသူများ ရရှိခဲ့တဲ့အပြင် လေယာဉ်ပစ်လက်နက်တွေအပါအဝင် လက်နက်နဲ့ ခဲယမ်းအမြောက်အမြား MDY-PDF က သိမ်းဆည်းရရှိထားပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

 

 

ဓာတ်ပုံ – Mdy-PDF