၀က်လက်နဲ့ စဥ့်ကူးမြို့နယ်က စစ်ရှောင်တွေအပါအဝင် ဒေသခံ တစ်သောင်းခန့် စစ်ဘေးအပြင် ရေဘေးနဲ့ပါ ကြုံတွေ့နေရ


စစ်ကိုင်းတိုင်း  ၀က်လက်မြို့နယ်နဲ့ မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုတို့ကြောင့် ကျေးရွာအများအပြား ရေးဘေးသင့်နေပြီး အဲဒီရွာတွေထဲက ၁၄ ရွာခန့်က ​ဒေသခံ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက  ပြောပါတယ်။

အခုလို ရွှေ့ပြောင်းရသူတွေထဲမှာ ဧရာဝတီမြစ်ကမ်းဘေးမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ ရေးဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေသူ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့် က ပြောပါတယ်။

“ယခုစစ်ရှောင်တွေက ရွာမီးရှို့ခံရလို့ တောထဲတွေမှာ တဲထိုးနေတဲ့သူတွေ ဧရာဝတီမြစ်ကမ်းဘေးမှာ တဲထိုးနေတဲ့သူတွေပါ အခု ရေကြီးတော့ တဲတွေရေမြှပ်ကုန်တာပါ ၊ရွာပေါင်း ၁၄ ရွာဆိုတော့ လူဦးရေ ရှစ်ထောင်နီးပါး ( ခန့်မှန်း ) လောက်တော့ရှိမယ်” လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေဟာ စဥ့်ကူးနယ်က တိုက်ပွဲအရှိန်ကြီးလာကြောင့် စစ်ကိုင်းတိုင်း  ၊ဝက်လက်မြု့နယ် ဘက် ခိုလှုံရင်း စစ်ဘေးရှောင်ကြရကြောင်း  ၊ တချို့မှာ နီးစပ်ရာ ရွာနားကပ်နေကြသလို  ဘုန်းကြီးကျောင်းနဲ့ တောအစပ်တွေမှာ တဲထိုးနေကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် တချို့ကတော့ အခုလို ဧရာဝတီမြစ်ကမ်းဘေးတဲထိုးနေထိုင်ကြရင်း  သဘာဝဘေးအန္တာရယ်နဲ့ပါ ထပ်မံကြုံရတဲ့ အနေအထားဖြစ်သွားတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာ အပါအဝင် မြစ်ရေကြီးမှုကြောင့် စစ်ဘေးရှောင်တွေဟာ စစ်ဘေးနဲ့ သဘာဝဘေးကို ပူးတွဲပြီး ကြုံတွေ့နေရတာဟာ ဆယ်ရက်ခန့်ရှိလာနေပြီး အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

အခုလို ကြုံတွေ့နေရတဲ့ ကျေးရွာတွေဟာ စစ်ကိုင်းတိုင်း  ၊ဝက်လက်မြို့နယ်က ရွာသာရွာ၊ စဥ်ကူးမြို့နယ် က ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ဟင်္သာမရွာ ၊ရွာတော်ရွာ ၊ရွာသာရွာ အပါဝင် ရွာပေါင်း ၁၄ ရွာခန့်ရှိပြီး စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ တဲအိမ်တွေ အပါအဝင် ကျေးရွာတွေပါ ရေဝင်နစ်မြှပ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကိုနေမင်းခန့်