ရွှေပြည်သာမှာ ယာဉ်သုံးစီးဆင့်တိုက်၊ အမျိုးသမီး ၂ ဦးသေဆုံး

Author ကိုထက်
Categories
Published on Jul 16, 2024

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ယမန်နေ့(ဇူလိုင်လ ၁၅)ရက်က ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးတဲ့အပြင် အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့က ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

ယမန်နေ့ နေလယ်ပိုင်းက ပုလဲလမ်းမပေါ် ပျော်ဘွယ်မှတ်တိုင်အနီးမှာ လိုက်ထရပ်ယာဉ်က အငှားယာဉ်ကိုဝင်တိုက်မိပြီး ကွန်တိန်နာကားကိုပါ တိုက်မိခဲ့တာဖြစ်တယ်လို့ အဲဒီအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“လိုက်ထရပ်ကားကနေ Taxi ကိုတိုက်မိတယ်။ အဲဒီ Taxi က ကွန်တိန်နာကားအောက် ညပ်သွားတာ။ အမျိုးသမီး နှစ်ဦးသေဆုံးတယ်။ တစ်ဦးက နေရာမှာပဲ။ နောက်တစ်ယောက်က ဆေးရုံရောက်မှ သေဆုံးတာပါ။ ငါးနှစ်အရွယ် ယောကျ်ားလေးရယ်၊ နောက်ထပ်အမျိုးသမီးတစ်ယောက်ရယ်ကတော့ ဒဏ်ရာမပြင်းထန်ပါဘူး” လို့ ၎င်းက ပြောပါတယ်။

 

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း သာကေတနဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေဖြစ်လို့ နှစ်ဦးသေဆုံးပြီး ကလေး နှစ်ဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ဇွန်လ ၂၂ နဲ့ ၂၃ ရက်‌တွေကလည်း ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှာ ယာဉ်တိုက်မှုတွေဖြစ်လို့ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ပါသေးတယ်။

 

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း