ရန်ကုန်၊ မန်း၊ စစ်ကိုင်း၊ ဧရာဝတီတို့မှာ K Pay၊ Wave ထုတ်ရခက်ခဲပြီး ရာခိုင်နှုန်းပိုပေးရ
စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတိုင်းထဲက မြို့နယ်တချို့မှာ Mobile Money တွေဖြစ်တဲ့ K Pay နဲ့ Wave Pay တွေ ထုတ်ယူရခက်ခဲပြီး အရင်ထက် ရာခိုင်နှုန်းပိုပေးထုတ်နေရတယ်လို့ CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Kpay ထုတ်ယူခ ၂ ရာခိုင်နှုန်းရှိပြီး စစ်ကိုင်းမှာ ၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း K pay၊ Wave Pay တွေ အေးဂျင့်ဆိုင်တွေက ငွေထုတ်မပေးတာ၊ အကန့်အသတ်နဲ့ထုတ်ရတာ၊ ရာခိုင်နှုန်းများ ပိုပေးလာရတာတွေ ရှိလာတယ်လို့ ငွေထုတ်သူများထံမှ သိရပါတယ်။
“တချို့ဆိုင်တွေဆို ထုတ်မပေးတော့ဘူး။ ငွေသားမရှိဘူးပြောတယ်။ ထုတ်ရတဲ့ဆိုင်ကျ အများဆုံးတစ်သိန်းပဲရတယ်။ တစ်သိန်းကို တစ်ထောင်ယူတယ်။ တစ်သောင်းကို နှစ်ရာပေါ့။ သုံးသိန်းထုတ်ဖို့လုပ်တာ။ သုံးဆိုင်လောက်သွားပြီး မနည်းရှာထုတ်လိုက်ရတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်က ငွေထုတ်သူတစ်ဦးက ပြောပါတယ်။
ဘဏ်တွေကနေ ငွေသားလိုသလောက် ပြန်ထုတ်လို့မရတဲ့အတွက် အခုလိုငွေထုတ်ပေးဖို့ အခက်အခဲရှိလာတာလို့ ရန်ကုန်မြို့က ငွေလွှဲငွေထုတ်အေးဂျင့်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်မတို့လည်း အကောင့်ထဲ ငွေတွေပုံနေပြီ။ ဘဏ်တွေမှာ ထုတ်ရတာ လိုသလောက်မရဘူး။ အပြင်ကနေလည်း ငွေကလှည့်လို့မရလို့ အခုလိုငွေထုတ်တာတွေရပ်ထားတာတွေလုပ်ရတာ။ တခြားငွေလွှဲ၊ အကောင့်ထဲသွင်းတာတို့ဆို ဝန်ဆောင်ခမယူဘဲလုပ်ပေးပါတယ်” လို့ ၎င်းက ပြောပါတယ်။
အလားတူ မန္တလေးမြို့မှာလည်း အဲဒီဒီဂျစ်တယ်မန်းနီးတွေကနေ ငွေထုတ်ရတာခက်ခဲနေပြီး တစ်နေရာနဲ့ တစ်နေရာ Kpay ထုတ်ခ ရာခိုင်နှုန်းယူတာတွေ မတူညီဘူးလို့ သိရပါတယ်။
“ Wave တော့မထုတ်ဖူးဘူး။ Kpay ကတော့ ဟိုတစ်နေ့က ထုတ်ရခက်တယ်။ ဆိုင်သေးတွေ ထုတ်မပေးဘူး။ ဆိုင်ကြီးတွေကလည်း တစ်ယာက်ကို တစ်သိန်းပဲထုတ်ပေးတာ။ ထုတ်ခက တစ်သိန်းကို နှစ်ထောင်ကျပ်ပေးရတယ်” လို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဘဏ်ကနေ ငွေထုတ်ယူမှုခက်ခဲနေလို့ အရင်က Kpay နဲ့ငွေပေးချေနိုင်တဲ့ စားသောက်ဆိုင်နဲ့ ဈေးဝယ်တဲ့နေရာတွေမှာလည်း လက်မခံတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းထဲက မြို့တွေမှာလည်း Kpay နဲ့ Wave pay ထုတ်ယူလို့မရသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
“ဖျာပုံဘက်မှာ Wave Money ၊ K Pay တွေကို ဆိုင်တွေက မထုတ်ပေးတော့ဘူး။ ဟိုတစ်နေ့ကတည်းက ထုတ်မရလို့ တော်တော်တိုင်ပတ်နေကြတယ်” လို့ ဖျာပုံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ မြို့သစ်မြို့မှာလည်း Kpay လူတစ်ဦး တစ်ခါထုတ်ပါက ကျပ်ငါးသောင်းနဲ့ ငွေလွှဲသူရှိပါက ကျပ်တစ်သိန်းအများဆုံးထုတ်ပေးတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“ဒီလိုပဲ လွှဲသူလာမှ ထုတ်ပေးတော့ တစ်ယောက် ငါးသောင်းတော့ရတယ်။ မြို့သစ်ထဲမှာ။ ငါးသောင်းကို ငါးရာ ပေးခဲ့ရတယ်။ စစ်ကိုင်းမြို့ထဲတော့ တချို့ဆိုရင် တစ်သိန်းကို ၃၀ဝ၀ ပေးရတယ်လို့တော့ကြားတယ်။ ဒီမှာပဲအဆင်ပြေတော့ သွားတော့မထုတ်ဖြစ်ဘူး” လို့ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်နေထိုင်သူတစ်ဦးက ပြောပါတယ်။
မကွေးတိုင်း၊ မင်းလှမြို့ခံတစ်ဦးကလည်း “ငွေထုတ်တာတော့ ရတယ်။ အခု လိုသလောက်တော့ရခဲ့တယ်။ ဒီကနေ့ ထုတ်လာတာဆို ၅ ရာခိုင်နှုန်းပေးရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းထဲ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ငွေသားအသုံးပြုမှုလျှော့ချပြီး မိုဘိုင်းလ်ငွေပေးချေမှု ပိုမိုအသုံးပြုရန် ပြောကြားလိုက်အပြီး အခုလို အခက်အခဲတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က ဧရာဝတီဘဏ်အပါအဝင် ပြည်တွင်းဘဏ် ခုနစ်ခုကို ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေ (Home Loan) ထုတ်ချေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဘဏ်တွေမှာ ငွေတွေကို အကန့်အသတ်နဲ့ပဲထုတ်ပေးတော့တာကြောင့် ငွေထုတ်ယူသူများလာခဲ့တာပါ။
စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ နှစ်အစပိုင်းမှာလည်း ဘဏ်တွေက အကန့်အသတ်အသတ်နဲ့ပဲ ငွေထုတ်ခွင့်ရခဲ့သလို ငွေသွင်း၊ ငွေထုတ် ဆိုင်တွေကနေလည်း ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိပေးပြီး ငွေထုတ်ယူရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – KBZ Bank