မြန်မာပြည်တွင်းမှာ လူသုံးများတဲ့ Signal App ကို စစ်ကောင်စီ စပိတ်

Author လဂွန်းအိမ်
Categories
Published on Jul 15, 2024

လုံခြုံရေးမြင့်ပြီး မြန်မာပြည်သူတွေ အသုံးများတဲ့ လူမှုကွန်ရက် Signal App ကို ယနေ့ ဇူလိုင် ၁၅ ရက်မှစတင်ပြီး စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ အသုံးပြုသူများထံမှ သိရပါတယ်။

စာတိုမက်ဆေ့အပါအဝင် အသံနဲ့ ဗီဒီယိုဖိုင်တွေလွှဲပြောင်းပေးပို့တာ၊ တစ်ဦးနဲ့တစ်ဦး အသံနဲ့ဖြစ်စေ၊ ရုပ်သံနဲ့ဖြစ်စေဆက်သွယ်ပြောဆိုနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။

 

ယမန်နေ့ကအထိ မြန်မာပြည်တွင်းမှာ Signal ဆက်သွယ်ရေးပလက်ဖောင်းကို VPN မလိုဘဲ အသုံးပြုလို့ရနေပေမဲ့ ဒီနေ့ကစပြီး သုံးလို့မရတော့ဘူးလို့ အသုံးပြုသူတွေက ပြောကြပါတယ်။

“အဆင်ပြေလှကြီးမဟုတ်ပါဘူး။ VPN ချိတ်ထားပေမဲ့ လိုင်းကကျသွားတတ်တာကြောင့် ပိတ်ပြီး တစ်ခါပြန်ချိတ်သုံးရတယ်” လို့ Signal ဆက်သွယ်ရေးပလက်ဖောင်း အသုံးပြုသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

Signal ဟာ ဆက်သွယ်ရေးပလက်ဖောင်းတွေထဲ အလုံခြုံဆုံး ပလက်ဖောင်းတစ်ခုဖြစ်ပြီး End-to-End Encryption လို့ခေါ်တဲ့ အစွန်းနှစ်ဖက်အထိ ဝှက်စာစနစ်ကိုအသုံးပြုထားတာကြောင့် ဖုန်းနဲ့ ကွန်ပျူတာတွေ လုံခြုံနေသ၍ ကြားဖြတ်ဖတ်ရှုလို့မရနိုင်တဲ့အတွက် တော်လှန်ရေးအင်အားစုများ အဓိကသုံးစွဲနေတဲ့ ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။

Spring Revolution Security အဖွဲ့ကတော့ Signal မှာ VPN မပါဘဲ အသုံးပြုလို့ရတဲ့ ကိုယ်ပိုင် Proxy Setting ပါဝင်တယ်လို့ဆိုထားပြီး VPN မပါဘဲ အသုံးပြုလိုပါက Signal ရဲ့ Privacy ထဲက Advanced ကိုဝင်ပြီး Censorship Circumvention ကိုဖွင့်ပေးခြင်းဖြင့် အသုံးပြုနိုင်မယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အဲဒါဖွင့်ထားပါက VPN ပိတ်ထားဖို့လိုမယ်လို့ ဆိုပါတယ်။

 

“အဲဒီလိုလုပ်လိုက်တာ VPN မခံဘဲ သုံးလို့ရသွားတယ်” လို့ စစ်ကိုင်းမြို့ အသုံးပြုသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီဟာ ယခုနှစ် မေလနှောင်းပိုင်းမှာ မြန်မာပြည်တွင်းမှာ Virtual Private Network-VPN တွေ သုံးမရအောင် ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ် အင်တာနက်ပိတ်ဆို့မှုတစ်ခုအနေနဲ့ လုံခြုံရေးမြင့်မားပြီး လူသုံးများတဲ့ Signal App ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – Spring Revolution Security