နတ်တလင်းမှာ စစ်ကောင်စီဆိုင်ကယ်ယာဉ်တန်းကိုတိုက်ခိုက်၊ တစ်ဦးသေဆုံး

Published on Jul 15, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြိုနယ်မှာ စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးဆိုင်ကယ် နှစ်စီးကို ဇူလိုင်လ ၁၃ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရတယ်လို့ PHOENIX D F က သတင်းထုတ်ပြန်ပါတယ်။

 

နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ရွာက ထွက်လာတဲ့ ရှေ့ပြေးဆိုင်ကယ်နှစ်စီးကို လယ်မအင်း ပန်းပဲဖိုနဲ့ လျှော်ဖြူခင်းကြားမှာ သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း-၃၈၀၁ တပ်ခွဲ(၂) PHOENIX D F အဖွဲ့က ကျွဲမိုင်း နှစ်လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PHOENIX D F ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျူပီတာက CJ Platform သို့ ပြောပါတယ်။

 

“သူတို့ထွက်လာတာက ဆိုင်ကယ်တွေများတယ်ဗျ။ ပျဉ်ပုံရွာပျူက ဆိုင်ကယ်ခြောက်စီး၊ အုန်းနှဲကံက ၁၅ စီးနဲ့ တောင်ညိုရဲစခန်းက ဘယ်လောက်လဲတော့ အတိကျမသိရဘူး။ အခုမိုင်းဆွဲလိုက်တဲ့ ဆိုင်ကယ်နှစ်စီးမှာ ဗိုလ်တစ်ယောက်ပါတယ်။ ထိတာက နှစ်စီးပဲ ထိတာ။ ပျူစောထီး တစ်ဦးသေ တစ်ဦးဒဏ်ရာရလို့တော့ သိထားတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်တွေ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်လာတဲ့အတွက် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တိုက်ခိုက်ခံရတဲ့နေရာရှိ အနီးနားကျေးရွာမှ ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ဒင်နဲ့ ထုရိုက် နှိပ်စက်စစ်ဆေးခံခဲ့သလို မယင်းရွာက ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဓားနဲ့ ထိုးခဲ့တယ်လို့ သတင်းတာဝန်ခံပြောစကားအရ သိရပါတယ်။

 

ဇူလိုင် ၁၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တုန်းက နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းကနေ ဆိုင်ကယ် ငါးစီးနဲ့ ကင်းပတ်ထွက်လာတဲ့ ရဲတပ်သားနဲ့ ပျူစောထီးတွေကို PHOENIX D F အဖွဲ့မှ အောင်ရတနာစာသင်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်