ရိက္ခာပြတ်လို့ ဟင်းစားထွက်ရှာတဲ့ စစ်ကောင်စီတပ် အတိုက်ခံရပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရ

Published on Jul 14, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းကနေ ဟင်းစားရှာထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသတွင်း ကာကွယ်ရေးတပ်က ဇူလိုင် ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးခဲ့တယ်လို့  ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁PPDF တပ်ရင်း ရဲ့ ဒီကနေ့ ထုတ်ပြန်လာချက်အရ သိရပါတယ်။

 

အင်အား ၅ ဦးပါဝင်တဲ့ စစ်ကောင်စီတပ်က ဟင်းသီး၊ဟင်းရွက်ရှာထွက်လာချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁PPDF တပ်ရင်း တပ်ခွဲ(၁) မိုင်းကွင်းစောင့်နေတဲ့ ရဲဘော်တွေက လက်နက်ငယ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တစ်ဦးထိမှန်သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

” ဟင်းသီးဟင်းရွက်ကတော့ သူတို့က မကြာခဏ ထွက်ရှာတယ်။ အဲ့အချိန်ကို မိုင်းကွင်းစောင့်ရဲဘော်တွေ ပစ်တော့ တစ်ဦးကတော့ နေရာတင်လဲကျသေဆုံးတယ် တစ်ဦးက ဒဏ်ရာရတယ်။ ဝေးဝေးကိုတော့ မထွက်ရဲတော့ဘူး သူတို့က” လို့ သူက ပြောပါတယ်။

 

သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို သစ်ပုတ်တာဝါတိုင် အထိုင်ချ စခန်းကို သယ်ယူသွားပြီး လက်ရှိမှာ ဘာလှုပ်ရှားမှုမှ မရှိဘဲ ငြိမ်နေတယ်လို့ အဆိုပါတာဝန်ခံရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဒါ့အပြင် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ   ပဲခူးတိုင်း ၊  ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊  တောင်ပေါ်ကြို့ကုန်းအုပ်စု၊ မကျီးစမ်းရွာကနေ သိမ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၄၀)ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း ၊ တပ်ခွဲ ၂  နဲ့ တပ်ခွဲ ၄ တို့က  ပြင်ကြီးရွာနဲ့ ကျောက်ကြီးတောင်ကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ မိုင်းတွေ အသုံးပြုတိုက်ခိုက်ခဲ့လို့ သုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – PPDF