အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဧရိယာအတွင်း တာကျိုးပေါက်ပြီး အလုပ်သမား၇ဦး ပျောက်ဆုံးနေ

Author အညာသား
Categories
Published on Jul 14, 2024

ဧရာဝတီမြစ်ရေတိုးနေချိန် မန္တလေးမြို့၊ အမရပူရမြို့ပြဖွံ့ဖြိုး‌ရေးဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ ဒီနေ့ ဇူလိုင် ၁၄ရက် မနက်ပိုင်းက တာကျိုးပေါက်ပြီး အလုပ်သမား ၇ဦး ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)က ယနေ့ နေ့လယ်ပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ တာကျိုးပေါက်မှုဖြစ်စဉ်မှာ ရေဆိုးထုတ်ပြွန် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် သဲဖြင့်ကာရံထားတဲ့ တုတ်ကနေရေဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ အလုပ်သမား အမျိုးသား ၁၀ဦးအနက် ၇ဦးဟာ ရေနစ်ပျောက်ဆုံးမူဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်နေရာကို မီးသတ်တပ်ဖွဲ့နဲ့ လူမူကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရေပြင်ရှာ‌ဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြုကာ ရှာဖွေမူတွေလုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင် သီးသန့် တာကျိုးပေါက်မှု ဖြစ်တာကြောင့် တခြားသော လူနေရပ်ကွက်တွေအတွင်းကို ရေဝင်ရောက်မှု မရှိဘူးလို့လည်း သိရပါတယ်။

 

အဲဒီလို တာကျိုးပေါက်မူဖြစ်စဉ်ဟာ NLDအစိုးရ လက်ထက်မှာ အခုလို မြစ်ရေကြီးချိန် အမရပူရမြို့ ဒေါ်အေးကြင်ထမင်းဆိုင်အနီး ကမ်းနားလမ်းရှိ ရေထိန်းတံတားလုပ်ငန်း ဆောင်ရွက်နေချိန် တံတားအခြေက မြစ်ရေစိမ့်ပြီး တာကျိုးပေါက်ကာ အမရပူရရပ်ကွက်တွေအတွင်း ရေတွေ တရှိန်ထိုးစီးဝင်ကာ ရေကြီးရေလျံမူ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

 

အခု တာကျိုး‌ပေါက်မူ ဖြစ်ပေါ်ခဲ့တဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဟာ ခရိုနီတစ်ဦးဖြစ်သူ မောင်ဝိတ်က NLDအရပ်သားအစိုးရလက်ထက် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ စီမံကိန်းဖော်ဆောင်ဖို့ ခွင့်ပြချက်တောင်းခံခဲ့ပြီး အစိုးရခွင့်ပြုချက်နဲ့ တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

 

အဲဒီစီမံကိန်းဟာ ဧရာဝတီမြစ် ရေဝင်ဧရိယာအမြောက်အများကို မြေဖို့ပြီး ဖော်ဆောင်နေတဲ့ နှစ်ရှည် မြို့ပြစီမံကိန်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – MFSD

 

ဓာတ်ပုံ – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)