မိုးကုတ်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အိမ်ငါးလုံးမီးလောင်

Published on Jul 13, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးထဲပါဝင်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ နေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

မိုးကုတ်မြို့အရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင် ၁၂ ရက် ညပိုင်းကစလို့ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ ဈေးဟောင်းရပ်ကွက် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးရုံးဘေးက နေအိမ်ကို ထိမှန်ခဲ့ပြီးနောက် နေအိမ် ငါးလုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“နေ့လယ် ၁၂ ခွဲ ဝန်းကျင်တုန်းက အရင် အကြီးအသေးဆက်တိုက်ပစ်နေကြတာဗျ။ လူတွေကတော့ စစ်ရှောင်နေတော့ မရှိကြဘူး” လို့ ၎င်းက ပြောပါတယ်။

 

အဆိုပါ နေအိမ်တွေကို မိုးကုတ်မီးသတ်တပ်ဖွဲ့က လာရောက်ငြှိမ်းသတ်ပေးခဲ့တယ်လို့ ကျပ်ပြင်ရပ်နေ မိုးကုတ်ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ မင်းတံတား၊ ဈေးဟောင်း၊ မြို့လယ်ရပ်ကွက်၊ ဗိုလ်ကုန်း၊ တောင်ကချင်၊ အောင်နန်း စတဲ့ ရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

 

TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့က မိုးကုတ်မြို့ရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်စိုးမိုးထားပြီး စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့အရှေ့ပိုင်းမှာသာ ကျန်တော့တယ်လို့ အဲဒီက CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ဒါ့အပြင် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ပစ်လိုက်တဲ့လက်နက်ကြီးဟာ အုန်းကိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးနဲ့ လသားအရွယ်ကလေးတို့ နှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ရုပ်သံ – လူမှုကွန်ရက်