သံတွဲနဲ့ မောင်တောမှာ စစ်ကောင်စီခံစစ်ပြင်တဲ့အနေနဲ့ မိုင်းများထောင်ထားလို့ သတိပြုကြရန် AA ထုတ်ပြန်

Author လဂွန်းအိမ်
Categories
Published on Jul 13, 2024

ငပလီဒေသအပါအဝင် တပ်စခန်းအများစုလက်လွှတ်ထားရတဲ့ ရခိုင်ပြည် သံတွဲနဲ့ မောင်တောမြို့တို့မှာ စစ်ကောင်စီက ခံစစ်အသွင်ပြင်ဆင်နေတယ်လို့ အာရက္ခတပ်တော် AA က ဒီနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

 

ဒါကြောင့် အဲဒီမြို့အဝင်နေရာများ၊ တံတားနဲ့ စစ်တပ်စခန်းချနေရာများမှာ စစ်ကောင်စီက စွန့်လွှတ်မိုင်းနဲ့ မြေမြှုပ်မိုင်းများထောင်ထားခဲ့တာကိုတွေ့ရလို့ ပြည်သူတွေသတိမူကြဖို့ AA က သတိပေးချက် ထုတ်ပြန်လာတာပါ။

 

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးရာ လမ်းတစ်လျှောက်နဲ့ စခန်းချရာနေရာ အနီးပတ်ဝန်းကျင်တို့မှာလည်း စွန့်လွှတ်မိုင်းများစွာထောင်ထားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ယမန်နေ့ ဇူလိုင်လ ၁၂ ရက်က သံတွဲမြို့၊ နံတော်တောင်တံတား(နန်းချောင်းတံတား)ပေါ်မှာ စစ်ကောင်စီက မိုင်းများထောင်ထားခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ AA ဘက်က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

 

အာရက္ခတပ်တော်က သိမ်းပိုက်ထားရရှိတဲ့ စစ်ကောင်စီအခြေစိုက် တပ်စခန်းများ၊ ဗျူဟာကုန်းများ၊ စကခ၊ အဲဒီတပ်စခန်းအနီးပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများပါမချန် စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းများ ထောင်ထားတာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

အဲဒီလို စွန့်လွှတ်မိုင်းနဲ့ မြေမြှုပ်မိုင်းများကြောင့် နေ့စဉ်လို အရပ်သားပြည်သူများ သေဆုံးခြင်းနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးရခြင်းများ ကြုံနေရတယ်လို့ AA က ပြောပါတယ်။

 

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ် အသိပညာ၊ ဗဟုသုတရှိကြဖို့နဲ့ မိုင်းအန္တရာယ်ကို သတိထား သွားလာနေထိုင်ကြဖို့ အာရက္ခတပ်တော် AA က အသိပေး ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – AA Info Desk

Related News

Depend on news