မန္တလေးအတွက် ကြားကာလနိုင်ငံရေးအစီအမံ(မူကြမ်း)ပေါ်ထွက်ဖို့ ဆောင်ရွက်နေ

Author အညာသား
Categories
Published on Jul 13, 2024

မန္တလေးတိုင်းအတွက် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ကဏ္ဍပေါင်းစုံက တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး  ကြားကာလနိုင်ငံရေးအစီအမံ(မူကြမ်း)ပေါ်ထွက်ဖို့ ဆောင်ရွက်သွားမည်လို့ အာဏာရှင်စနစ်ဆန့်ကျင် ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ဇူလိုင် ၁၂ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။

 

မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မန္တလေးဒေသ ကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေ၊ လူထုသပိတ်တိုက်ပွဲ၊ လူထု လှုပ်ရှားမှုဆိုင်ရာ အင်အားစုတွေ၊ သမဂ္ဂ ကျောင်းသား လူငယ်အမျိုးသမီး အင်အားစုတွေ၊ CDM ဆိုင်ရာ အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မန္တလေးဒေသတွင်း အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူတွေ အပါအဝင် ကဏ္ဍပေါင်းစုံ လက်လှမ်းမီ ချိတ်ဆက်ရသမျှ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံတရပ် ဖော်ထုတ်နိုင်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထား တွေကို လွန်ခဲ့တဲ့  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကတည်းက စတင်ကာ အစည်းအဝေးခေါင်းစဉ်တစ်ရပ်အဖြစ် သတ်မှတ် တိုင်ပင်၊ ဆွေးနွေး၊ ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ မန္တလေးဒေသ တော်လှန်ရေးအင်အားစုတွေအကြား အချိန်တစ်နှစ်တာကာလအတွင်း စုံညီအစည်းအဝေး (၂၃) ကြိမ်၊ ခရိုင်အလိုက် အစည်းအဝေး (၁၀) ကြိမ်နဲ့ မြေပြင်တွေ့ဆုံဆွေးနွေးမှုတွေလည်း ညှိနှိုင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ရေး လုပ်ငန်းစဉ်တွေဟာ လက်ရှိ မပြီးဆုံးသေးတဲ့ ပြည်သူ့တော်လှန်ရေးအပေါ် အဆက်အစပ်နဲ့ အထောက်အပံ့ဖြစ်ရေး၊ ဖက်ဒရယ်အရွေ့အသွင် ဆောင်နိုင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်နိုင်ရေးနဲ့ ပွင့်လင်း မြင်သာမှု ရှိရေးတို့ လိုအပ်တယ်လို့ အဲဒီကော်မတီက ခံယူတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အာဏာရှင်စနစ်ဆန့်ကျင် ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က အခုထုတ်ပြန်ချက်နဲ့အတူ အများပြည်သူ သိရှိစေဖို့အတွက် စံတန်ဖိုး၊ လုပ်ငန်းကော်မတီဖွဲ့စည်းတာ၊ အလုပ်တာဝန် အတည်ပြုတာနဲ့ အထွေထွေစတဲ့ အခန်း(၅)ခန်းပါ လုပ်ငန်းအစီစဉ်တွေကိုလည်း ပူးတွဲ ထုတ်ပြန်ထားပါတယ်။