ထွက်ပြေးစစ်သားများကို လိုက်ရှင်းရင်း ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို TNLA/DPLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Jul 13, 2024

ရှမ်းမြောက် မန္တလေး-တရုတ်အဓိကကုန်သွယ်ရေးလမ်းကြောင်း လားရှိုး-မန္တလေးလမ်းပေါ်ရှိ နာမည်ကျော်ဂုတ်ထိပ်/ဂုတ်တွင်းတံတားစခန်းကို တအာင်းတပ် TNLA၊ ဓနုတပ်ဖွဲ့ DPLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

 

နောင်ချိုမြို့ နောက်ဆုံးခံတပ် ဒုံးတပ်(၆၀၆)တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂုတ်ထိပ်/ ဂုတ်တွင်းစခန်းထံ ထွက်ပြေးသွားခဲ့တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

ဒါကြောင့် ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ရာ အဲဒီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနဲ့အတူ လက်နက် ၁၅ လက်၊ RPG နှစ်လက်၊ ငါးကြင်းမှီး တစ်လက်နဲ့အတူ ၆၀ မမ နှစ်လက်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးကြိမ်၊ Mi-35 လေးကြိမ်နဲ့ Y-12 ဖြင့် ဗုံး ၆၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သလို ကျောက်မဲမြို့ရှိ ၅၀၁ တပ်စခန်းမှ လက်နက်ကြီး နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နောင်ချိုမြို့နယ် အုမ္မတီးနဲ့ သဲခေါ်ကျေးရွာတို့ကိုလည်း Mi-35 နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

နောင်ချိုမြို့၊ နောင်အောရွာအနီးတဝိုက်မှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီနောက် မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ စကခ-၂၁ ၊ ခလရ ၂၂၃ တို့နဲ့ TNLA၊ PLA၊ Mod PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွားဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

မိုးကုတ်နဲ့ မိုးမိတ်မြို့အကြားရှိ ဇူလိုင်လ ၉ ရက်နေ့က သိမ်းပိုက်ရရှိထားတဲ့ ငါးမိုင်စခန်းကနေ ၆၀ မမ တစ်လက်၊ လက်နက် ခုနစ်လက်၊ RPG7 နှစ်လက်အပြင် ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဇွန် ၂၅ မှ ဇူလိုင် ၁၂ ရက်အထိ ၁၈ ရက်တာကာလအတွင်း စစ်ကောင်စီမှ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅၀ ကျော်သေဆုံးခဲ့ပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ဝ နီးပါးထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA