လူခို့နှင့် တောင်နီကျေးရွာတို့တွင် ကော်ဘရာပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

Author လင်းခိုင်
Categories
Published on Oct 06, 2022

လူခို့နှင့် တောင်နီကျေးရွာအနီးတွင် ကော်ဘရာပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ယနေ့တွင် KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လူခို့နေရာသို့ စစ်ကောင်စီ တပ်မ (၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇) တို့အား KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်း နှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ မြွေသုံးကောင်ကုန်းနှင့် ဖလူးစခန်းတွင်အခြေပြုထားသည့် စစ်ကောင်စီတပ်မှ ၁၂၀ မမများဖြင့်ပစ်ခတ်ခဲ့ပြီး ယနေ့ နံနက် ၆နာရီမှ ၉နာရီထိလည်းကောင်း၊ ညနေနာရီ၃ ည၇နာရီခွဲထိတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပူးပေါင်းတပ်ဖွဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှုကို စီစစ်နေကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် တောင်နီကျေးရွာ အနီးရှိ စစ်ကောင်စီ၏ ခမရ ၁၀၄ အား ကော်ဘရာပူးပေါင်းတပ်ဖွဲ့က ယနေ့ နေ့လယ်တွင် စနိုက်ဘာဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကတစ်ဦးသေဆုံးခဲ့သည်ဟု ကော်ဘရာက ထုတ်ပြန်ထားသည်။