အင်းစိန်ထောင်တာဝန်ရှိသူများ ဆေးကုခွင့်ပေးချိန် နောက်ကျလို့ နိုင်/ကျဉ်း တစ်ဦးသေဆုံး

Author အဂ္ဂ၊ လဂွန်းအိမ်
Categories
Published on Jul 03, 2024

ရန်ကုန်မြို့က အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ထောင်တာဝန်ရှိသူတွေရဲ့ ဆေးကုသဖို့ ခွင့်ပြုချိန်နောက်ကျခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ CJ Platform ရဲ့ ထောင်တွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ကိုအောင်သူဝင်း (ဘ) ဦးအောင်ဝင်းဟာ ယမန်နှစ် ဇွန် ၂၁ ရက်နေ့မှာ သန်လျင်တရားရုံးကနေ အမိန့်ချမှတ်ခံရပြီးနောက် အင်းစိန်ထောင်ကို ရောက်လာပြီး တစ်နှစ်ကျော်အကြာမှာပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

 

၎င်းဟာ ထောင်ချခံရပြီး ခြောက်လခန့်မှာ အောက်ဆီဂျင်ကျလို့ ၁၅ ရက်တာ ဆေးရုံတက်ခဲ့ရဖူးပြီး ခြေထောက်သွေးကြောပိတ်ရောဂါရှိလို့ ထောင်ဆေးရုံကြီးမှာ ဆက်လက်ကုသနေရတဲ့ လူနာတစ်ဦးလည်းဖြစ်ပါတယ်။

 

၎င်းဟာ ဇွန် ၁၇ ရက်နေ့မှာ ရောဂါအပြင်းအထန်ခံစားလာရလို့ ပြင်ပဆေးရုံတက်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ မပေးခဲ့ဘဲ ဇွန် ၂၂ ရက်မှ ကုသခွင့်ပေးခဲ့လို့ ဇွန် ၂၆ ရက်နေ့မှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါထောင်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

“ဇွန် ၁၇ ရက်နေ့မှာ ရောဂါဖောက်လာလို့ Refer(ပြင်ပဆေးရုံသို့ လွှဲပြောင်းစာ)ထွက်ပေမဲ့ ထောက်ခံစာမပါတဲ့အတွက်(အကျဉ်းထောင်)ဆေးရုံကိုပဲ ပြန်ခေါ်လာပြီး ကုသပေးခဲ့တယ်။ ဇွန် ၂၂ ရက်နေ့က အသည်းအသန်ဖြစ်လာတဲ့ အချိန်ကျမှပဲ(ထောင်တွင်းဆေးရုံကနေ)အင်းစိန်ဆေးရုံကြီးကို ပို့ပြီး ကုသခွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ ၂၆ ရက်နေ့မှာတော့ ဆေးကုသမှုနောက်ကျတဲ့အတွက် ကိုအောင်သူဝင်း သေဆုံးခဲ့ရပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ကိုအောင်သူဝင်းရဲ့ ဇနီးမှာလည်း အင်းစိန်ထောင်မှာ ထိမ်းသိမ်းခံထားရသူတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးမှုကို ထောင်အာဏာပိုင်တွေက အမျိုးသမီးထံ ချက်ချင်းသတင်းမပေးပို့ခဲ့ဘဲ ထောင်တွင်းဧည့်တွေ့ခွင့်(Jail to Jail)ရဖို့ တစ်ရက်အလို ဇွန် ၂၈ ရက်နေ့မှသာ ယာယီဦးစီးမှူးက ခေါ်ယူ အသိပေးခဲ့တယ်လို့ သိရပါတယ်။

 

အင်းစိန်အကျဉ်းထောင်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ ပြင်ပသို့ Refer ရရန် ထောင်အာဏာပိုင်များကို အဆင့်ဆင့်တင်ပြရပြီး သုံးလ မှ ခြောက်လအထိကြာမြင့်တတ်ကာ ဆေးရုံတက်ခွင့်ရပါကလည်း တစ်ပတ်ခန့်သာ တက်ခွင့်ပေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform သို့ပြောပါတယ်။

 

“အကျဉ်းထောင်က စနစ်ကျတဲ့ ကုသမှုကိုပေးရမယ့်အပြင် အချိန်နဲ့ တပြေးညီ ပြင်ပဆေးရုံတွေကို ကုသခွင့်မပေးတာ၊ မိသားစုဝင်တွေကို လိုအပ်သလိုအကြောင်းကြားမှုမပြုဘဲထားတာက နိုင်ငံရေးအကျဉ်းသားတွေကိုတစ်ဖက်လှည့်နဲ့ သေဆုံးအောင် သတ်ဖြတ်နေတယ်လို့ပဲပြောချင်ပါတယ်” လို့ ၎င်းက မှတ်ချက်ပေးပြောဆိုပါတယ်။

 

အကျဉ်းထောင်အတွင်း ဆေးရုံတက်ကုသရမယ့် လူနာရှိပါက အကျဉ်းဦးစီးဘက်မှ အစောင့်ဝန်ထမ်းများဖြင့် လုံခြုံရေးယူပေးရပြီး ရဲတပ်ဖွဲ့မှ လာကူစောင့်ပေးတာမျိုးလည်း ရှိတယ်လို့ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းဟောင်းတစ်ဦးက ဆိုပါတယ်။

 

“အင်းစိန်လို ဗဟိုထောင်မျိုးမှာတော့ ဝန်ထမ်းအင်အားနည်းလို့ မပို့တာတော့မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခုမခိုင်လုံလို့ဖြစ်ပါလိမ့်မယ်။ ဆေးရုံတက်ရတယ်ဆိုရင်တော့ ဆေးရုံဆရာဝန်က ဆင်းခွင့်ပြုတဲ့အချိန်ထိ နေပါတယ်ဗျ” လို့ ၎င်းက CJ Platform ကို ပြောပါတယ်။

 

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ဆိုးရွာနေပြီး ခေါင်းကိုက်တာကစလို့ အရေးပေါ်ကျန်းမာ‌ရေးအခြေအနေ မရောက်မချင်း ဘယ်လိုပဲအခြေအနေဆိုးဆိုး ပါရာစီတမော့ ဆေးတစ်မျိုးကိုသာ ပေးလေ့ရှိပြီး အကျဉ်းသားတစ်ဦးကို တစ်လအတွက် ဆေးကုသစားရိတ် မြန်မာငွေ ၈၀ဝ ကျပ်သာ ရရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံ အနှံ့အပြားက အကျဉ်းထောင်အသီးသီးမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၄ မေ ၁ ရက်အထိ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၄ ဦး အထိရှိတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်‌တွေအရ သိရပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းချိန်ကစလို့ ယခုချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၆,၉၅၄ ဦးရှိတဲ့အနက် ၉,၂၅၂ ဦးကို ထောင်ဒဏ်ချမှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Google Earth