AA နာမည်သုံးပြီး အဖွဲ့တစ်ခုက သံတွဲလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေညှစ်နေ

Author ကိုထားဝယ်
Categories
Published on Jul 03, 2024

အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ရခိုင်ပြည်၊ ငပလီကမ်းခြေရှိရာ သံတွဲမြို့မှာ အဖွဲ့တစ်ခုက AA နာမည်သုံးပြီး ခြိမ်းခြောက်ငွေလိမ်လည်တောင်းခံနေတယ်လို့ AA ဘက်က သတင်းထုတ်ပြန်ပါတယ်။

 

AA ထုတ်ပြန်ချက်ထဲ အဖွဲ့တစ်ခုလို့ပဲ ဖော်ပြထားပြီး ဘယ်အဖွဲ့အစည်းလဲဆိုတာမျိုး နာမည်တပ်ထားတာမတွေ့ရပါဘူး။

 

သံတွဲမှာ တိုက်ပွဲပြင်းထန်နေတာကို အခွင့်ကောင်းယူပြီး အဲဒီမသမာသူတစ်စုက AA နာမည်သုံးပြီး သံတွဲနဲ့ ငပလီဝန်းကျင်ရှိ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ငွေလိမ်တောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ၎င်းတို့အနေနဲ့ ချက်ချင်းရပ်ဖို့ AA က သတိပေးလိုက်တဲ့အပြင် လုပ်ငန်းရှင်တွေအပေါ် AA က အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်း မရှိကြောင်း အသိပေးချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

 

ဒါ့အပြင် အဲဒီလို ခြိမ်းခြောက်ငွေညှစ်တောင်းခံတာမျိုးတွေ ထပ်မံကြုံတွေ့လာရပါက ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ဗဟိုဌာနချုပ်နဲ့ သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

လတ်တလော သံတွဲဒေသမှာ သံတွဲလေဆိပ်အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းများစွာကို အာရက္ခတပ်တော် AA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

 

သံတွဲမြို့နယ်၊ မြုံပြင်ရွာမှာ မနေ့ ဇူလိုင် ၂ ရက် ညသန်းခေါင်အချိန်က စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – AA Info Desk