ဂိုးပြတ်၊ ခြေပြတ်နဲ့ အနိုင်ရတဲ့ နယ်သာလန်၊ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် အိမ်ပြန်ခဲ့ရတဲ့ ဩစတီးယား ကွာတားမှာ ဂျာမနီ-စပိန်၊ ပေါ်တူဂီ-ပြင်သစ်၊ အင်္ဂလန်-ဆွစ်ဇာလန်တို့ရဲ့ ပွဲကောင်းတွေ စောင့်ကြိုနေ

Author မောင်ရှမ်း
Categories
Published on Jul 03, 2024

ယူရို ၂၀၂၄ ရဲ့ ၁၆ သင်းဆင့် ရှုံးထွက်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ မနေ့ညနဲ့ ညဦးပိုင်းတွေမှာ ကစားခဲ့ကြတဲ့ နောက်ဆုံးပွဲစဉ်တွေမှာ နယ်သာလန်နောက်တစ်ဆင့်တက်ပြီး ဩစတီးယား ခြေချော်သွားခဲ့လို့ ကွာတားအဆင့်မှာ နယ်သာလန်နဲ့ တူရကီတို့ ဆက်ယှဉ်ပြိုင်ခွင့်ရသွားပါတယ်။ မနေ့ညက ပွဲပြီးအခြေအနေတွေကို CJ Platform က အကျဉ်းချုပ်ဖော်ပြအပ်ပါတယ်။

 

ရိုမေးနီးယား ဝ -၃ နယ်သာလန်

 

နယ်သာလန်အသင်းကတော့ အုပ်စုတွင်းခြေစွမ်းတွေနဲ့ ခြားနားတဲ့စွမ်းဆောင်ရည်တစ်ခုကို ပြသနိုင်ခဲ့ပြီး ရိုမေးနီးယားကို တစ်ပွဲလုံးနီးပါး ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ကာ ဂိုးပြတ်ခြေပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါတယ်။ နယ်သာလန်အတွက် အဖွင့်ဂိုးကို လီဗာပူးလ်ကစားသမား ဂတ်ပိုက ပွဲအစ မိနစ် ၂၀ မှာကတည်းက သွင်းယူနိုင်လိုက်တာကြောင့် ဖိအားကင်းကင်းနဲ့ စိတ်ကြိုက်စိုးမိုးသွားနိုင်ခဲ့တာပါ။ ဒီသွင်းဂိုးဟာ ဂတ်ပိုအတွက် ဒီနှစ်ယူရိုပြိုင်ပွဲရဲ့ သုံးဂိုးမြောက် သွင်းဂိုးလည်းဖြစ်ပါတယ်။ နယ်သာလန်အတွက် ဒုတိယဂိုးနဲ့ တတိယဂိုးကိုတော့ ဒုတိယပိုင်းအစမှာ လူစားဝင်လာတဲ့ မာလန်းက ၈၃ မိနစ်နဲ့ ၉၀+၃ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နယ်သာလန်ဟာ တစ်ပွဲလုံးအတိုင်းအတာမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့တာလို့ ဆိုရမှာပါ။ ရိုမေးနီးယားအတွက်ကတော့ ၂၀ဝ၀ ခုနှစ်နောက်ပိုင်း ပထမဆုံးတက်ရောက်ခဲ့တဲ့ ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

 

ဩစတြီးယား ၁ – ၂ တူရကီ

 

တူရကီတို့ ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ပွဲလုံးမှာ ဩစတြီးယားဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှုလည်း ၂၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ အိမ်ပြန်သွားခဲ့ရပါတယ်။ တူရကီအတွက် ဂိုးတွေကိုတော့ နောက်ခံလူ ဒီမီရယ်က ပွဲချိန် ၁ မိနစ်နဲ့ ၅၉ မိနစ်တို့မှာ သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဩစတီးယားအနေနဲ့ ၆၆ မိနစ်မှာ ချေပဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဩစတြီးယားဟာ နောက်ထပ်ချေပဂိုးတစ်ဂိုးအတွက် အသည်းအသည်ကြိုးစားခဲ့ပေမဲ့လည်း တူရကီ ခံစစ်ရဲ့မာကျောမှုနဲ့ ဩစတြီးယားတိုက်စစ်သမားတွေရဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတို့ကြောင့် အိမ်ပြန်ဖို့ ဖြစ်လာခဲ့ရပါတယ်။ တူရကီဟာ ကွာတားဖိုင်နယ်အဆင့်မှာတော့ နယ်သာလန်နဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။

 

ရှစ်သင်းအဆင့် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ အိမ်ရှင် ဂျာမနီနဲ့ စပိန် အသင်းတို့ရဲ့ ပွဲစဉ်နဲ့ ပြန်စမှာဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင် ၆ ရက် ည ၁ နာရီခွဲမှာ ပေါ်တူဂီ-ပြင်သစ်၊ ည ၁၀ နာရီခွဲမှာ အင်္ဂလန်-ဆွစ်ဇာလန်နဲ့ ဇူလိုင် ၇ ရက်နေ့ ည ၁ နာရီခွဲမှာ နယ်သာလန်-တူရကီ တို့ အသီးသီး ဆက်လက်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – UEFA EURO 2024

 

Related News

Depend on news