စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ အသက်(၆၀)အရွယ် အဖွားအိုတစ်ဦး ဆုံးပါး

Author ခေတ်နီ
Categories
Published on Oct 06, 2022

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ထောင်ခဲ့သည့် မိုင်းနင်းမိ၍ အရပ်သားတစ်ဦးသေဆုံးခဲ့ရကြောင်း CDSOMမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုနွေဦး(မြောင်)မှ သူ၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

မြောင်မြို့နယ် မင်းလှကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာစဥ် မီးဖိုချောင်အတွင်း စစ်ကောင်စီတပ်သားများ ထောင်ထားခဲ့သည့် မိုင်းကို နင်းမိတာကြောင့် အသက်၆၀ အရွယ် ဒေါ်တင်စန်း သေဆုံးခဲ့ရတာပဲဖြစ်သည်။

ထို့အပြင် ယမန်နေ့ မှာလဲ စစ်ကောင်စီတပ်များက မြောင်မြို့နယ် ဆင်လှောင်ရွာ စစ်ဘေးရှောင်များ ခိုလှုံလေ့ရှိသော ဘုန်းကြီးကျောင်းအတွင်း နင်းမိုင်းများထောင်ထားခဲ့တာကြောင့် ဗိုလ်တောက်ထွန်းအဖွဲ့မှ ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် နေအိမ်များနှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများ ပြုလုပ်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းပြန်ထွက်သည်နှင့် မသင်္ကာသည့်နေရာများအား နီးစပ်ရာကာကွယ်ရေးအဖွဲ့များအား စစ်ဆေးခိုင်းပီးမှ ဝင်ထွက်သွားလာကြဖို့ကိုလဲ ကိုနွေဦး(မြောင်)မှ သတိပေးပြောဆိုထားသည်။