ကန်ပက်လက်နဲ့ ပလက်ဝမှာ ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားမှုမြင့်တက်နေ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်

Author ဆလိုင်း
Categories
Published on Jun 29, 2024

ချင်းပြည်(တောင်ပိုင်း)၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တို့မှာ ဝမ်းပျက်၊ ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုမြင့်တက်နေလို့ ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီကဒေသခံများထံမှ သိရပါတယ်။

 

ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတချို့မှာ  ဇွန်လ ဒုတိယပတ်ထဲကစလို့ ဖျားနာသူတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး အော့အန်နေကြသလို အဖျားတက်ပြီး ချမ်းတုန်နေတာတွေဖြစ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဖြစ်တာက အစုံပေါ့နော်။ ဖျားလိုက်၊ အန်လိုက်၊ ဝမ်းသွားလိုက်နဲ့ အစုံပါဘဲ။ ရွာမှာရှိတဲ့ ဆေးတွေနဲ့ကုသလည်း ပြန်ကောင်းလိုက်၊ ပြန်ဖြစ်လိုက်နဲ့ အခု ဖြစ်တာလည်း လူများတော့ ဆေးလည်းကုန်သွားပါပြီ။ ဆေးဝယ်ဖို့ကလည်း လမ်းကြောင်းတွေ မလွယ်ဘူး။ လိုအပ်တာက ဆေးတွေပေါ့။ ဆေးတွေရနိုင်ရင် အဆင်ပြေ သက်သာအောင် ကုသပေးလို့ရတာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

အဲဒီလိုဖြစ်တဲ့ကျေးရွာတွေဟာ မာကြားကျေးရွာအုပ်စုထဲက ခေးလောင်း၊ မရွှီနဲ့ ဆော်လောင်းကျေးရွာတို့မှာ လူအယောက် ၂၀ဝ နီးပါးခန့်ရှိပြီဖြစ်ပြီး တခြားကျေးရွာတွေမှာလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

 

အလားတူ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ မီးချောင်းတစ်လျောက် ကျေးရွာတွေမှာလည်း ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးကုသပေးဖို့ ငှက်ဖျားဆေးဝန်ထမ်းနဲ့ ဆေးတွေမရှိတာကြောင့် ဖြစ်ပွားနှုန်း ဆက်လက်မြင့်တက်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒေသတွင်း နိုင်ငံရေး ပဋိပက္ခတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေက မိမိကျေးရွာမှာမနေတော့ဘဲ တခြားဒေသကို ပြောင်းရွှေ့အခြေချသွားကြတယ်။ ရွာမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ကူညီစောင့်ရှောက်ပေးမယ့် လူလည်းမရှိတော့ဘူး။ အခု မီးချောင်းဒေသမှာ ငှက်ဖျားရောဂါ ထနေတယ်။ ရွာထဲက လူတွေက ဖျားလိုက်၊ ပြန်ကောင်းလိုက်နဲ့ အမျိုးမျိုးဖြစ်နေကြတယ်။ ငှက်ဖျားဆေးကလည်း အရင်လို ပလက်ဝမှာ ထုတ်လို့မရဘူး။ မရှိဘူးပေါ့။ ရှိတဲ့ ငှက်ဖျားစစ်ကိရိယာတွေလည်း သက်တမ်းကုန်နေတယ်“ လို့ ၎င်းက ပြောပါတယ်။

 

ပလက်ဝမြို့နယ်မှာ ယခင်က ယခုလို ငှက်ဖျားရောဂါဖြစ်လေ့မရှိပေမဲ့ အခုချိန်မှာ မီးချောင်းတစ်လျောက်က ကျေးရွာအားလုံးနီးပါး ငှက်ဖျားရောဂါ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

 

ငှက်ဖျားရောဂါဖြစ်တဲ့ လူနာတွေဟာ ခုခံအားနည်းတဲ့ လူကြီးပိုင်းနဲ့ လူငယ်တွေဟာ သေဆုံးမှုအထိ ဖြစ်နိုင်ပါတယ်။

 

ပြီးခဲ့ မေလတွင်းကလည်း ပလက်ဝနဲ့ မင်းတပ်မြို့နယ်တို့မှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါပျံ့နှံ့ခဲ့ပြီး လူသေဆုံးမှုထိ ဖြစ်ပွားခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

Related News

Depend on news