သန်လျင်မှာ ဦးခေါင်းကွဲဒဏ်ရာနဲ့ အမျိုးသားတစ်ဦး သေဆုံးအလောင်း လမ်းပေါ်မှာတွေ့

Author ကိုထက်
Categories
Published on Jun 27, 2024

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဒီကနေ့(ဇွန်လ ၂၇)ရက် မနက်ပိုင်းက ဦးခေါင်းကွဲဒဏ်ရာနဲ့ အမျိုးသားတစ်ဦး လမ်းပေါ်လဲကျသေဆုံးနေခဲ့တယ်လို့ လောကအလင်းလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

အဲဒီမြို့နယ်၊ ဘုရားကုန်းမှတ်တိုင်အနီး ဒီကနေ့မနက်အစောပိုင်းမှာ အမျိုးသားအလောင်းတစ်ခုတွေ့တယ်ဆိုတဲ့ အနီးနားနေသူတွေရဲ့ အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့တာလို့ အဲဒီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ဒီနေ့မနက်အ‌စောပိုင်းက ဘုရားကုန်းမှတ်တိုင်နားမှာတွေ့တာဗျ။ ယာဉ်တိုက်သွားတယ်လို့ ခန့်မှန်းရတယ်ပေါ့နော်။ ဘာကြောင့်သေဆုံးတယ်ဆိုတာ အနီးနားသူတွေလည်း သေချာမသိကြဘူး” လို့ ၎င်းက ပြောပါတယ်။

 

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလို့ခန့်မှန်းရတဲ့ သေဆုံးသူဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘဲ လူမှုကူညီရေးအသင်းကတော့ သန်လျင်ဆေးရုံ၊ ရင်ခွဲရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဒီကနေ့ မနက် ၁ နာရီတုန်းကလည်း သာကေတမြို့နယ်၊ ကမာကြည်တံတားပေါ်က အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ပြီး သတင်းရေးသားနေချိန် ညနေပိုင်းအထိ ရုပ်အလောင်းရှာမတွေ့သေးဘူးလို့ အဲဒီမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

တောင်ငူမြို့၊ စစ်တောင်းတံတားပေါ်ကလည်း ကွန်ပြူတာတက္ကသိုလ်ကျောင်းသားတစ်ဦး ဒီကနေ့မှာပဲ ခုန်ချမှုဖြစ်ပြီး ရုပ်အလောင်းရှာမတွေ့သေးဘူးလို့ အဲဒီမြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

 

ဓာတ်ပုံ – လောကအလင်းလူမှုကူညီရေးအသင်း