မန္တလေးမြို့အနီး မတ္တရာနယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တစ်ရက်တည်း စစ်ဘေးရှောင် ထောင်ချီရှိလာ

Published on Jun 26, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ ဇွန်လ ၂၅ ရက်ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒီနေ့တစ်ရက်တည်း စစ်ရှောင်သူဦးရေ တစ်ထောင်အထက်ရှိနေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

 

မတ္တရာအပါအဝင် မိုးကုတ်နဲ့ ရှမ်းမြောက်က နောင်ချိုနဲ့ ကျောက်မဲမြိုတို့မှာTNLA က (၁၀၂၇)စစ်ဆင်ရေးရဲ့အဆက် တိုက်ပွဲလို့ ကြေညာတိုက်ခိုက်နေပြီး မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ မတ္တရာနယ်ထဲအထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

 

အဲဒီမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Mdy PDF)အပါအဝင် မန္တလေးတိုင်းထဲက ဒေသတော်လှန်ရေးပူးပေါင်းတပ်တွေလည်း ပါဝင်တိုက်ခိုက်နေတဲ့အတွက် မြေပြင်မှာ စစ်ရေးပြင်းထန်နေတယ်လို့ ပြင်ဦးလွင်ခရိုင်(ပကဖ)တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“စစ်ရှောင်ဦးရေက ခုတစ်ရက်တည်းနဲ့တင်ကို ထောင်ချီတယ်။ တော်တော်များတယ်။ စားနပ်ရိက္ခာနဲ့ အမိုးအကာ ဆေးဝါးတွေလိုတာပေါ့။ လူတွေက အကုန်ပြေးလွှားနေရတာ” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ ဂျက်လေယာဉ်နဲ့ MI 35 ရဟတ်ယာဉ်တွေသုံးပြီး ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်နေတာကြောင့် မတ္တရာအရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ အင်ကြင်းမြိုင်၊ ဂွေးပင်၊ စလေ၊ မြစ်ကမ်း၊ ဆင်ရွာ၊ သဲဖြူချောင်း အပါအဝင် ဆည်တော်ကြီးချောင်း မြောက်ဘက်က ကျေးရွာ ဆယ်ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ မတ္တရာဒေသခံများထံမှ သိရပါတယ်။

 

“ကျွန်တော်တို့က ချောင်းတောင်ဘက် ခုက ဆည်တော်ကြီးဆည်ဘက်ကနေဆင်းလာတဲ့ ချောင်းရဲ့ မြောက်ဘက်က ကျေးရွာတွေ အကုန်ပြေးနေရတာ။ ခုကို ပစ်နေတာ ခုကိုမြင်နေရတယ်။ တစ်စီးလာပစ်လိုက်၊ တစ်စီးပြီးရင် နောက်တစ်စီးတက်လာလိုက်နဲ့ ဂျက်လေယာဉ်နဲ့ ပစ်လိုက် MI 35 နဲ့ ပစ်လိုက်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ဒီနေ့ ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီခွဲအချိန်မှစတင်ကာ မိုးကုတ်အနောက်ပိုင်းမှာ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ်အသုံးပြုတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်