ကျောက်မဲမြို့ရဲ့ ဒီညအခြေအနေ ဘယ်လိုရှိလဲ . . .?

Published on Jun 25, 2024

၁၀၂၇ နောက်ဆက်တွဲ စစ်မီးက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန်တောက်လောင်နေပါပြီ။ ဒီကနေ့ ဇွန်လ ၂၅ ရက်၊ နံနက်အစောပိုင်းက စလို့ ရှမ်းမြောက်က နောင်ချိုနဲ့ ကျောက်မဲမြို့တွေမှာ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတာပါ။ အဲဒီကနေ ဟိုက်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တစ်ကျော့ပြန် စစ်မီးတောက်လောင်နေပါတယ်။

 

ကျောက်မဲမြို့မှာ နေထိုင်တဲ့ ဒေသခံကို CJ Platform က ဆက်သွယ်ပြီး  ညဘက်အခြေအနေကို မေးမြန်းထားပါတယ်။

 

CJ ။                   ။ ဒီနေ့ တစ်နေ့လုံးစာ အဖြစ်အပျက်လေး ပြောပြလို့ ရမလား။

 

ဒေသခံ ၁။    ။ မနက်ခြောက်နာရီလောက်ကတည်းက တိုက်ပွဲ စတာ။ ရပ်လိုက်၊ ပစ်လိုက်နဲ့ တအုန်းအုန်းပဲ။ လေယာဉ်သံတွေ၊ လက်နက်ကြီးသံတွေ မနည်းဘူး ကြားရတယ်။ အိမ်နားလည်း လက်နက်ကြီး ကျတယ်။ မနေ့ညကထိ ဘာသံမှ မကြားရဘဲ မနက်ကျမှ ရုတ်တရက် ထဖြစ်တာ။ ဒီ့မတိုင်ခင် နှစ်ရက်၊ သုံးရက်ကတော့ မြို့ပေါ်တင် ပစ်ကြ ခတ်ကြသံ ကြားတယ်။ စစ်တပ်ဘက်က ဂျက်တွေ လေပေါ် ဝဲတာ များတယ်။ မနေ့ကဆို ပိန်းအင်းဘက်ကို ဗုံးပါကျဲချတာ။ တစ်နေ့လုံးလဲ ဂျက်သံချည်းပဲ။ ငြိမ်းချမ်းရေးကုန်းဘက်တော့ နှစ်ကြိမ်လာကျဲတယ် ပြောတယ်။ ပရဟိတကျောင်းနဲ့ ဈေးကိုလဲ ကျဲတယ်တဲ့။ တောင်နက်နဲ့ နတ်တောင်ဘက်မှာလည်း တိုက်နေကြတယ်။

 

CJ ။                  ။ ဒေသခံထိခိုက်ကျဆုံးအခြေအနေရော ဘယ်လိုရှိလဲ။

ဒေသခံ ၁။    ။ အတိအကျတော့ မပြောတတ်ဘူး။ သိတဲ့သူတွေ ပြောတာတော့ လေး ငါးယောက် ရှိတယ် ပြောတယ်။ အဲဒီထက် ပိုဖို့ပဲ ရှိမယ်။

 

CJ ။                  ။ နေအိမ်စွန့်ခွာတိမ်းရှောင်သူတွေရော ရှိလား။

ဒေသခံ။                       ။ မရှိသေးဘူး။ မြို့ပေါ်က လူတွေကတော့ အကုန်အိမ်တွေထဲ ပိတ်ပြီး နေကြတယ်။ အခြေအနေဆိုးတဲ့ ရွာဘက်တွေတော့ မပြောတတ်ဘူး။ ခုက အိမ်ထဲက အိမ်ပြင်တောင် ထွက်မရ၊ ထွက်မရဲတဲ့ အချိန်ကြီး။

 

CJ။                    ။ အခုရော မြို့ပေါ် အခြေအနေဘယ်လိုရှိလဲ ခင်ဗျ။

ဒေသခံ။            ။ တိုက်ပွဲတွေ အကြိတ်အနယ် စဖြစ်တဲ့ ရှစ်နာရီလောက်ကတည်းက မီးဖြတ်ခံထားရတာ အခု (ည ဆယ်နာရီခွဲ) အထိ မလာသေးဘူး။ ဒီပုံစံနဲ့ဆို လာမယ်လည်း မထင်။ TNLA က တစ်မြို့လုံးကို ပတ်လည်ဝိုင်းထားတယ်။ မြို့စွန်က နေရာတွေကိုလဲ သိမ်းထားပြီ ပြောတယ်။ လမ်းတွေကို ဖျက်ထားတယ်။ မြို့ထဲဝင်ဖို့ပဲ ကျန်တာ။ ကျောက်မဲကို ရရင်က သီပေါပါ အလိုလိုရတယ်။ သီပေါက ကြားညပ်နေတာ။ လားရှိုးလဲ အခြေအနေမဟန်ဘူး၊ သိမ်းဖို့ ရည်ရွယ်ထားတယ်လို့ ကြားတယ်။ အဲဒီသုံးမြို့သိမ်းဖို့ အနည်းဆုံး ၂ လ၊ အများဆုံး ၅ လဆိုပဲ။

 

ခု (ည ဆယ်နာရီခွဲ) တော့ တော်တော်ငြိမ်နေတယ်။ ညရှစ်နာရီလောက်ထိက ပစ်လိုက်၊ တိတ်လိုက်ပဲ။ ကိုးနာရီလောက်ကဆို လက်နက်ကြီးတွေ ညံလာလို့ ကုတင်အောက် ဝင်နေရတယ်။ ညနေ လေးနာရီလောက်ကလည်း အိမ်နားလက်နက်ကြီးကျတာ ခေါင်းပေါ်ကနေ ဖြတ်သွားတာ ရွှီးခနဲပဲ။ လောဆယ်တော့ တစ်မြို့လုံး မြို့ပျက်ကြီးလိုပဲ၊ လုံးဝတိတ်ဆိတ်ခြောက်ကပ်နေတာ။

 

စစ်တပ်က ပြီးခဲ့တဲ့ အပတ်တွေကတည်းက ရန်စသလို ဟိုဝင်ပစ်၊ ဒီဝင်ပစ်တွေ လုပ်နေတာ။ အခု TNLA နဲ့ ပြန်တိုက်တော့ ဟိုက်ဂင်လဲ ပျက်ပြီပေါ့။ နောင်ချိုလည်း အခြေအနေမဟန်ဘူး။ နောင်ချိုအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ မ ၁၁၄ မှာဆို အင်အားက တစ်ရာဝန်းကျင်ပဲ ကျန်တယ် ပြောတယ်။

 

CJ။                    ။ ဖြေပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်။ နားစွန့်ပြီး သတိရှိရှိနဲ့ ဂရုတစိုက် နေပါအုံးခင်ဗျာ။ အခြေအနေထူးရင်လဲ ပြောပြပေးပါအုံးနော်။