မလေးရှားနိုင်ငံသားတွေတိုင်ကြားမှုအရ မြန်မာ ၁၅၀ ခန့်အပါအဝင် လူ ၁၇၀၀ ကျော်ဖမ်းဆီးခံရ

Author ဆလိုင်း
Categories
Published on Jun 24, 2024

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့မှာ မနေ့ ဇွန်လ ၂၃ ရက် ညနေပိုင်းက မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၁၇၀၀ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံ သားတွေထံမှ သိရပါတယ်။

မလေးရှားနိုင်ငံသားတွေရဲ့ တိုင်ကြားချက်တွေကြောင့် လူဝင်မူကြီးကြပ်ရေး(လဝက)၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ရှောင်တခင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

 

အဲဒီ ဖမ်းဆီးခံရတဲ့အထဲမှာ အထောက်အထားအပြည့်စုံ မရှိတဲ့သူတွေအပြင် အထောက်အထားအပြည့်အစုံ ရှိတဲ့သူ အများအပြားလည်းပါဝင်နေတယ်လို့ မြန်မာနိုင်ငံသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

“အခုဖမ်းတဲ့နေရာမှာ နိုင်ငံခြားသားတွေ အရမ်းများတယ်။ တိုင်ကြားချက်တွေကြောင့် မလေးရှား အာဏာပိုင်တွေက ဝင်စီးစစ်ဆေးသွားတဲ့ သဘောပါ။ အထောက်အထား အပြည့်စုံရှိတဲ့သူတွေက ပြန်လွတ်လာကြပါပြီ။ အထောက်ထားအပြည့်အစုံ မရှိတဲ့သူတွေက လွတ်မလာကြသေးဘူး” လို့ သူက ပြောပါတယ်။

မနေ့က ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၁၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံသား ၁၅၀ လောက်ပါဝင်ပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပြီး ပါကစ္စတန်၊ နီပေါနဲ့ ထိုင်းနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကလည်း မလေးရှား ပြည်သူတွေရဲ့ တိုင်ကြားမှုကြောင့်(Operasi) အော်ပရာဇီ စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ဒီနေ့ ဇွန်လ ၂၄ ရက်မနက်ပိုင်းက ထုတ်ပြန်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးခံထားရတဲ့ လူ ၁၇၀၀ ကျော်ကိုပဲ ဖော်ပြထားပြီး အမျိုးသား၊ အမျိုးသမီးဦးရေနဲ့ နိုင်ငံခြားသားဦးရေတွေကိုတော့ ဖော်ပြထားတာမရှိဘူးလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလအတွင်းအလည်း မြို့တော် ကွာလမ်လာပူအပါဝင် ဂျိုဟိုးပြည်နယ်တို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား စက်ရုံ၊ အလုပ်ရုံတွေကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံသားအပါဝင် နိုင်ငံခြားသား ၄၀၀ နီးပါး ဖမ်းဆီးခံရပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာ – ပြီးခဲ့တဲ့ မေလ ၁၈ ရက်က ကလန်းမြို့ရှိ စက်ရုံတစ်ခုကို အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့စဉ်(ပုံဟောင်း)