City Mart၊ One Stop Mart၊ Ocean စတဲ့ အရောင်းဆိုင်တွေက မန်နေဂျာတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး ဂိုထောင်တွေမှာ သိမ်းထားတဲ့ ဆန်နဲ့ဆီတွေကို သိမ်းသွား

Author စကားဝါ
Categories
Published on Jun 23, 2024

ရန်ကုန်မြို့မှာ ရှိတဲ့ City Mart၊ One Stop Mart၊ Ocean စတဲ့ အရောင်းဆိုင်တွေက မန်နေဂျာတွေကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးခဲ့ပြီး အရောင်းဆိုင်အသီးသီးရဲ့ ဂိုထောင်တွေမှာ သိုလှောင်ထားတဲ့ ဆန်နဲ့ဆီတွေကို သိမ်းဆည်းသွားလို့ Ocean အရောင်းဆိုင်တစ်ခုက မန်နေဂျာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မနေ့က ဇွန်လ ၂၂ ရက်နေ့မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်တွေဟာ အရောင်းဆိုင်တွေကို ရောက်လာပြီးတော့ မန်နေဂျာတွေကို ခေါ်ယူတွေ့ဆုံပြီး ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

 

“စသုံးလုံးရုံးကို ဖမ်းသွားတာ၊ ဘယ်လိုစစ်ဆေးခံရတယ်တော့ ပြန်ပြောလို့မရဘူးတဲ့၊ ပြီးတော့ ဂိုထောင်တွေကို လိုက်ပြခိုင်းတယ်၊ ဆန်အိတ်တွေ ဆီတွေကို သိမ်းသွားတယ်၊ အခုအကြောင်းကို အင်တာနက်ပေါ်တင်တာပဲဖြစ်ဖြစ် သတင်းဌာနတွေကိုပြောတာပဲဖြစ်ဖြစ် အဖမ်းခံရမယ်ဆိုတာကို ပြောပြီးတော့ သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်”လို့ Ocean အရောင်းဆိုင်တစ်ခုက မန်နေဂျာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ရိုက်နှက်စစ်ဆေးတာတွေတော့ လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။

 

စစ်ကောင်စီဟာ ကုန်စျေးနှုန်းကြီးမြင့်မှု လျော့ချရေးအတွက်ဆိုပြီး ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆန်စက်လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်တွေဆီက ဆန်စက်တစ်ခုကို ဆန်အိတ်တစ်ရာနှုန်းနဲ့ ပေးစေဖို့ တောင်းယူတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

 

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ စျေးအရောင်းစင်တာတွေဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိခဲ့ပါဘူး။

 

ဓာတ်ပုံ – CJ