လှိုင်သာယာမှာ ပန်းသပိတ်ပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

Author ကိုထက်
Categories
Published on Jun 23, 2024

ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်မှာ ဇွန်လ ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ပန်းသပိတ်ပြုလုပ်တဲ့အတွက်ဆိုကာ အမျိုးသမီးတစ်ဦးကို ဇွန်လ ၂၁ရက်မှာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၁)ရပ်ကွက်မှာနေထိုင်ပြီး အထည်ချူပ်စက်ရုံမှာ အလုပ်လုပ်တဲ့ အဲဒီအမျိုးသမီးကို လူမှုကွန်ရက်ပေါ်မှာ နှင်းဆီပန်းပန်ကာ မွေးနေ့ဆုတောင်းပြုလုပ်ပြီး ပါဝင်တဲ့အတွက် ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

“သူက တရုတ်အထည်ချူပ်စက်ရုံတစ်ခုမှာ လုပ်တာပါ။ သူ့ဖေ့စ်ဘွတ်အကောင့်မှာ တင်လို့ဆိုပြီး၊ ဘယ်သူကဘယ်လို တို့လိုက်လဲ မသိပါဘူး။ (၂၁)ရက်နေ့က အဆောင်ကို ရဲတွေရောက်လာပြီး လာဖမ်းခေါ်သွားတာ။ အခု ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ပြောတယ်။”လို့ သူက ပြောပါတယ်။

 

အဲဒီအမျိုးသမီးဟာ သူ့ရဲ့ Poe Ei Khaingဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ  “မေမေ ကျန်းကျန်းမာမာ ရှိပါစေ၊ NLD ဒေါင်း ထာဝရမေမေပဲ”လို့ရေးသားကာ နှင်းဆီပန်းပန် လက်သုံးချောင်းထောင်ထားတဲ့ ဓာတ်ပုံ တင်ခဲ့တဲ့အတွက် အခုလိုဖမ်းဆီးခံရတာလို့ သိရပါတယ်။

 

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်တဲ့အမျိုးသမီးတွေကို လမ်းမမှာပင် စစ်ကားနဲ့လိုက်လံဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါ‌သေးတယ်။