ချင်းပြည်မှာ ဝမ်းရောဂါပျံ့နှံ့နေပြီး သေဆုံးသူ ၁၀ ဦးထိရှိလာ

Author ဆလိုင်း
Categories
Published on Jun 18, 2024

ချင်းပြည်၊ ပလက်ဝနဲ့ မင်းတပ်မြို့နယ်တို့မှာဖြစ်ပွားနေတဲ့ ဝမ်းကိုက်ရောဂါပျံ့နှံ့နေပြီး သေဆုံးသူ ၁၀ ဦးထိရှိလာတယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်ကနေစလို့ အဲဒီမြို့နယ်တွေထဲက ဒိုင်ရ်ဒေသမှာ ဝမ်းကိုက်ရောဂါ ဖြစ်ပွားပြီး သေဆုံးသူတွေလည်း တိုးလာတဖြည်းဖြည်းတိုးလာနေသလို လတ်တလောမှာ ရောဂါဖြစ်ပွားနှုန်း ပိုများလာတယ်လို့ အဲဒီဒေသန္တရကောင်စီဆီကနေ သိရပါတယ်။

အဲဒီ ရောဂါဖြစ်ပွားတဲ့ လူနာတွေကို ချင်းကျန်းမာရေးအဖွဲ့(CHO)က ဆေးဝါးကုသပေးမှုတွေ လုပ်ဆောင်ပေးခဲ့ပေမဲ့ ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးတွေ ပြတ်နေတာကြောင့် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဒိုင်ရ်ဒေန္တရကောင်စီ တာဝန်ရှိသူက ပြောပါတယ်။

 

“ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးအပါအဝင် တခြားအဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးတွေ ရနိုင်အောင်တော့ လုပ်နေပါတယ်။ ကူးစက်မှုပုံစံတော့ မပြောတတ်ပေမဲ့ လူတစ်ယောက်ဖြစ်ရင် တစ်ရွာလုံး ရောဂါဖြစ်နိုင်တဲ့ အနေထားရှိပါတယ်။ ရောဂါဖြစ်ပွားနှုန်းက ပိုများလာသလို ဆေးဝါးတွေကလည်း လုံလောက်မရှိဘဲ ပြတ်သွားတဲ့အခြေနေပါ” လို့ သူက ဆိုပါတယ်။

အဲဒီ ရောဂါဖြစ်ပွားတဲ့ ဒိုင်ရ်ဒေသမှာ ဆေးဝါးရရှိအောင် တခြားအဖွဲ့စည်းတွေအနေနဲ့ အကူအညီတွေ ပေးစေလိုပြီး ဆေးဝန်ထမ်းတွေအနေနဲ့လည်း လာရောက်ဆေးကုသပေးတာတွေ လုပ်ပေးစေလိုတယ်လို့ ၎င်းက ပြောပါတယ်။

 

ဝမ်းကိုက်ဖြစ်စေတဲ့ ပိုးဟာ ကူးစက်ခံရပြီး ၂ နာရီကနေ ၅ ရက်အတွင်း ရောဂါလက္ခဏာတွေ ပြလာသလို အမြန်ဆုံးထိရောက်တဲ့ ကုသမှု မခံယူဘူးဆိုရင် သေဆုံးနိုင်ခြေ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမဲ့ အချိန်မီ ဆေးကုသမှုခံယူရင် သေဆုံးမှုနှုန်း ၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ချင်းကျန်းမာရေးအဖွဲ့ (CHO)ရဲ့ မနေ့ ဇွန်လ ၁၆ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်ပွားတဲ့ ဝမ်းရောဂါနဲ့ ပတ်သက်လို့ သတိထားသင့်တာက အပြင်စာ၊ ဟင်းကျန်၊ ထမင်းကျန်တွေ မစားဘဲ အစာကို ယင်လုံအောင် သိမ်းဆည်းထားရမှာဖြစ်ပြီး နို့တိုက်ကလေးတွေကိုလည်း မိခင်နို့ တစ်မျိုးတည်းပဲ တိုက်ရမယ်လို့ CHO က တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် ယင်လုံအိမ်သာသုံးပြီး အိမ်သာတက်ပြီးတိုင်း၊ အစာမစားမီ၊ မပြင်ခင်၊ မချက်ခင် လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးရပါမယ်။ ဝမ်းလျှောပြီဆိုတာနဲ့ ကျန်းမာရေးဝန်ထမ်းဆီ ချက်ချင်းပြသဖို့နဲ့ ဓာတ်ဆားရေကို ချက်ချင်းသောက်သုံးဖို့လည်း လိုအပ်သလို ဓာတ်ဆားမရှိဘူးဆိုရင် ဆားနဲ့ သကြားကို ဖျော်သောက်နိုင်တဲ့အပြင် ရေကို ကျိုချက်ပြီး သောက်ရမယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံများ – CHO နဲ့ လူမှုကွန်ရက်