စစ်ကောင်စီက သစ်နဲ့ လောင်းကစား လုပ်ခွင့်ပေးထားတဲ့ ပေါက်ခေါင်းက အုပ်ချုပ်ရေးမှူးသစ် ပစ်ခတ်ခံရလို့ ထပ်မံသေဆုံး

Published on Jun 15, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ခံရပြီး တစ်လကျော်အကြာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက် ညနေပိုင်းမှာ ထပ်မံပစ်ခတ်ရှင်းလင်းခံရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဒီနေ့ ဇွန်လ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဦးပွားသီး အသက်(၃၅)နှစ်ဟာ အဲဒီဒေသ ပျူစောထီး သင်တန်းဆင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီက သူ့ကို သစ်လုပ်ငန်းနဲ့ လောင်းကစားဝိုင်း လုပ်ကိုင်ခွင့် ပေးအပ်ထားခံရသူဖြစ်တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ (PPDF) တပ်ရင်းရဲ့  သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက CJ Platform ကိုပြောပါတယ်။

 

“ သူ့ကို ယာထဲက အသီးအရွက်တွေခူးပြီး ပြန်အလာ သဖန်းကိုင်းနဲ့ အင်ငါးခွကျေးရွာ သကြားစက် လမ်းခွမှာ စောင့်ကြိုရှင်းလင်းခဲ့တာပါ” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

အဲဒီအုပ်ချုပ်ရေးမှူးဟာ ကျေးရွာထဲကို စစ်ကောင်စီတပ် ခေါ်လာတာမျိုးတွေ လုပ်ဆောင်တဲ့အပြင် စစ်ကောင်စီရဲ့ လခစား ပုံစံမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်နေသူလို့ အမည်မဖော်လိုသူ ပေါက်ခေါင်းမြို့မှ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီအုပ်ချုပ်ရေးမှူးရဲ့ သေဆုံးရုပ်အလောင်းကို ပေါက်ခေါင်းရဲစခန်းက အဲဒီနေ့ ညပိုင်းမှာ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

ဒီလုပ်ဆောင်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ(၁)ရွှေလေး ညီနောင်အဖွဲ့နဲ့ ပေါက်ခေါင်း(ပကဖ)ဆောင်းခိုငှက်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

ဦးပွားသီးရှေ့က ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးဟာလည်း ပြီးခဲ့တဲ့ မေလ ၅ ရက်တုန်းက အဲဒီဒေသတော်လှန်ရေးတပ်ဖွဲ့တွေကပဲ ကြို့ပင်ဝိုင်းရွာနားမှာ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

 

ဓာတ်ပုံ- ပေးပို့