ကျိုက်ထီးရိုးတောင်ပေါ် မြေပြိုလို့ တောင်တက်လမ်း ခေတ္တပိတ်လိုက်ရ

Author လဂွန်းအိမ်
Categories
Published on Jun 13, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ တန်ခိုးကြီး ကျိုက်ထီးရိုးစေတီတော်ရဲ့ တောင်တက်လမ်းပေါ်မှာ ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းတုန်းက မြေပြိုမှုဖြစ်ပွားလို့ ခေတ္တပိတ်ခဲ့ရတယ်လို့ အဲဒီက ဒေသခံတွေဆီကနေ သိရပါတယ်။

 

စခန်းလေးရေဆိပ်ကွေ့အနီးတဝိုက်ဖြစ်တဲ့ ကင်မွန်းချောင်ကျေးရွာမှ မိုင်တိုင်အမှတ် ၇ မိုင် ၆ ဖာလုံမှာ ဖြစ်ပွားခဲ့တဲ့မြေပြိုမှုကြောင့် ကားလမ်းပေါ် ပေတစ်ရာခန့် မြေသားများဖုံးလွှမ်းခဲ့ရတယ်လို့ ၎င်းတို့က ဆိုပါတယ်။

 

“မြေပြိုတာဟုတ်တယ်။ အထိအခိုက်ရှိတယ်တော့ မကြားပါဘူး။ အခုလည်း လမ်းရှင်းနေတယ်လို့ကြားတယ်” လို့ အဲဒီက ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

တောင်တက်လမ်းမြေပြိုမှုကြောင့် လမ်းသစ်ခေတ္တပိတ်ခဲ့ရပြီး အရင် ရသေ့တောင်လမ်းဟောင်းကနေ ဘုရားဖူးခရီးသည်တွေကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

 

မနေ့ ဇွန် ၁၂ ရက်နေ့ ညပိုင်းကစပြီး ကျိုက်ထီးရိုးဘုရားမှာ မိုးကြီးလို့ စခန်းလေးရေဆိပ်ကွေ့၊ တောင်တက်ကားလမ်းဘေးရှိ အမြင့် ပေ ၁၀ဝ ခန့်၊ အလျား ပေ ၃၀ ခန့်ရှိတဲ့ မြေသားပြိုကျခဲ့ရာမှာ ကားလမ်းပေါ် အရှည် ပေ ၁၀ဝ ခန့် မြေသားပိတ်ဆို့ခဲ့ရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

 

မြေပြိုမှုဖြစ်ပွားရာနေရာကို ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်တက်ယာဉ်အဖွဲ့ဝင်များ၊ ဈေးသူဈေးသားတွေနဲ့ အဖွဲ့အစည်းအချို့က ပူးပေါင်းလမ်းရှင်းခဲ့ကြတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကျိုက်ထီးရိုးစေတီတော်တောင်ဟာ မိုးရာသီ မိုးများတဲ့ကာလတွေမှာ မြေပြိုမှုတွေဖြစ်ပွားလေ့ရှိပြီး မနှစ်က အောက်တိုဘာလ ၈ ရက်နေ့မှာ ရသေ့တောင်အနီး မြေပြိုခဲ့ပါသေးတယ်။

 

ဒါ့အပြင် မနှစ်က ဇူလိုင် ၂၉ ရက်နေ့မှာလည်း ရသေ့တောင်အကျော် စခန်းလေးနားမှာ မြေပြိုကျပြီး တောက်တက်လမ်းပိတ်ဆို့ခဲ့ပါသေးတယ်။ ထိုအချိန်က ကျိုက်ထီးရိုးတောင်ပေါ် ကျီးကန်းပါးစပ်သို့ သွားရာလမ်းပေါ် မြေပြိုကျလို့ နိဗ္ဗာန်ကုန် ဆိုင်နဲ့ အထည်ဆိုင်ပေါ် မြေပိပြီး ပျက်စီးခဲ့တဲ့အပြင် ကိုးနဝင်းစေတီတစ်ဆူပြိုကျခဲ့သလို အခြားစေတီတစ်ဆူလည်း ငှက်ပျောဖူး မြေခခဲ့ရပါတယ်။

 

၂၀၁၄ ခုနှစ် ဩဂုတ်လက ကျိုးထီးရိုးတောင်တက်လမ်းမှာဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုထဲ လမ်းဘေးတဲအိမ်မှာနေတဲ့ မိသားစုထဲက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – Myanmar Fire Service Department