ရန်ကုန်မှာ တော်လှန်ရေးရဲဘော်တွေကင်းစင်အောင်လုပ်ဖို့ စစ်ခေါင်းဆောင်အမိန့်ပေးအပြီး ပေါက်ကွဲမှုတွေဖြစ်

Author ကိုထားဝယ်၊ ကိုထက်
Categories
Published on Jun 12, 2024

ရန်ကုန်တိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းစင်အောင်လုပ်ဖို့ စစ်ခေါင်းဆောင်က အမိန့်ပေးပြောကြားပြီးနောက် မြို့နယ်တချို့က စစ်ကောင်စီပစ်မှတ်နေရာတွေမှာ မနေ့ ဇွန် ၁၁ ရက် ညပိုင်းတုန်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ စိန်းပန်းမြိုင်လို့အမည်ရတဲ့ ယာဉ်ထိန်းရဲရိပ်သာကို မနေ့(ဇွန်လ ၁၁)ရက် ညပိုင်းက ပြင်းအားမြင့် မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ နှစ်ဦးဒဏ်ရာရပြီးတော့ တစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ အဲဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ကားတွေတားပြီး ငွေညှစ်နေလို့ ဘဲဥတွေရှိတဲ့ရိပ်သာကို ပြင်းအားမြင့် မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ နှစ်ယောက်ထိတာမှာ တစ်ယောက်က ဗုံးစတွေထိတာအရမ်းများတယ်။ ဒဏ်ရာပြင်းထန်တယ်ပေါ့” လို့ သူက ပြောပါတယ်။

 

ဗုံးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း အဲဒီနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“ည ၈ နာရီလောက်က ကြားလိုက်ရတာ။ ဗုံးပေါက်ပြီးတော့ ဆေးရုံကားတွေရော၊ စစ်ကား၊ ရဲကားတွေ ရောက်လာတယ်။ လမ်းပိတ်ပြီး တစ်နာရီကျော်ကျော်လောက် စစ်တာတွေလုပ်တယ်လို့” လို့ သူက ပြောပါတယ်။

 

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့လပိုင်းတွေကလည်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့က စစ်တပ်ဂိတ်စခန်းတွေကို ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဝင်/အထွက်လုပ်လေ့ရှိတဲ့ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၊ အောင်မေတ္တာလမ်းပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသစ်လည်း မနေ့ ညဦးပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်ချိန် စစ်ကောင်စီ လက်အောက်ခံ ရပ်/ကျေးအဖွဲ့ဝင်တွေ မရှိတဲ့အတွက် လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပေမဲ့ အပျက်အစီးတချို့ရှိခဲ့တယ်လို့ အဲဒီက မြို့ခံတွေက ပြောပါတယ်။

 

အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟောင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလတုန်းက တိုက်ခိုက်ခံရဖူးသကဲ့သို့ စစ်ကောင်စီ ဩဇာခံပြီး ပြည်သူတွေကို ဖိနှိပ်နေတဲ့ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလည်း တော်လှန်ရေးရဲဘော်တချို့က ပစ်ခတ်ရှင်းလင်းဖို့ ကြိုးစားခဲ့ပေမဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ရန်ကုန်တိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

 

အဲဒီမှာ ရန်ကုန်က တော်လှန်ရေးအဖွဲ့ဝင်တွေ ကင်းစင်အောင်ရှင်းဖို့ပြောအပြီး အခုလို ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ အမြဲမပြတ်စောင့်ကြည့်နေဖို့ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

 

အဲဒီမတိုင်ခင် ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့တို့မှာ သန်လျင်တံတား အမှတ် ၃ ဖွင့်ပွဲကို ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ဖို့ကြံစည်တယ်ဆိုပြီး ရန်ကုန် UG ၉ ဦးကို စစ်ကောင်စီက ဒဂုံမြို့သစ် ဆိပ်ကမ်းနဲ့ တောင်ပိုင်းမြို့နယ်တွေမှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၄ နဲ့ ၅ ရက်တို့တုန်းကလည်း မင်္ဂလာဒုံနဲ့ ရွှေပြည်သာက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ စစ်တပ်ပိုင် နို့ချက်စက်ရုံဂိတ်ဝလည်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကျောက်ရေတွင်းအနီးဝန်းကျင်ကို တွေ့မြင်ရစဉ်