သန်လျင်တံတားသစ်ကို တိုက်ခိုက်ရန်ကြံစည်သူတွေလို့ဆိုပြီး လူငယ်လူရွယ် ၉ ဦးကို စစ်ကောင်စီဖမ်းဆီး

Author ကိုထားဝယ်
Categories
Published on Jun 11, 2024

စစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ်(၃)ကို ပစ်ခတ်တိုက်ခိုက်ဖို့ကြံစည်တယ်လို့ခေါင်းစဉ်တပ်ခံရပြီး လူငယ်လူရွယ် ၉ ဦး ဒဂုံမြို့သစ် ဆိပ်ကမ်းနဲ့ တောင်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတံတားဖွင့်လှစ်ခဲ့တဲ့ ဇွန်လ ၈ ရက် နံနက်ပိုင်းမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းထဲက သစ်သားလိုင်းခန်းအဟောင်းမှာ စစ်ကောင်စီက ရန်ကုန် UG လို့ဆိုတဲ့ လူငယ် ၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သူတို့အပြောအရ သိရပါတယ်။ ဆက်လက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဇွန်လ ၉ ရက်နေ့မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

ကိုစိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ကိုချိုကြီး(ခ)ဟိန်းထက်အောင်(၁၈)နှစ်၊ ကိုမင်းသူ(၃၀)နှစ်၊ ကိုမောင်ဟိန်း(၂၄)နှစ်၊ ကိုအောင်သူရထွန်း (၂၅)နှစ်၊ ကိုပြည့်ဖြိုးဇော်(၁၈)နှစ်နဲ့ ကိုထက်အာကာလင်း(၂၆)နှစ်တို့ ၇ ဦးအပြင် ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်နဲ့ မချစ်ကေခိုင်(၃၈)နှစ်တို့ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး သုံးလုံး၊ ဖြူးစ် သုံးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို သန်လျင်တံတားကို ပစ်ခတ်တိုက်ခိုက်ဖို့ ရန်ကုန် UG အဖွဲ့တွေက ဧပြီလ တတိယအပတ်ထဲက စီစဉ်လုပ်ဆောင်နေတာလို့ဆိုသလို မေလ ၁၉ ရက်မှာ မဖြူနှင်းအေး(ခ)မီးအိမ်ရှင်မှ ကိုစိန်ကြီးဆီဆက်သွယ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံးသီး သုံးလုံးနဲ့ လက်ပစ်ဗုံး နှစ်လုံးတို့ပေးတာကို ကိုစိန်ကြီးနဲ့အတူ ကိုဇာနည်အောင်နဲ့ မချစ်ကေခိုင်တို့က ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်မှာ အမျိုးသား နှစ်ဦးဆီက သွားယူခဲ့တာလို့ စစ်ကောင်စီသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

 

သူတို့ဟာ သန်လျင်တံတားအခြေအနေကို ဇွန်လ ၄ ရက်ကနေ ၈ ရက်နေ့အထိ‌ စုံစမ်းခဲ့ပြီး တံတားအရှေ့ဘက် ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်း ဝယ်ရေးလုပ်ငန်းနဲ့ မီတာ တစ်ထောင်အကွာအဝေးရှိတဲ့ ကွင်းပြင်နေရာကနေ ရှော့တိုက်ဒုန်းပစ်ခတ်မယ့်နေရာကို ရွေးချယ်ထားခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို ဥပဒေအရ အရေးယူမှာဖြစ်သလို ဒီဖြစ်စဉ်နဲ့ဆက်စပ်နေသူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

 

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ ရန်ကုန် UG အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က ဒီနေ့ ဇွန်လ ၁၁ ရက်မနက်ပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုလာတာမျိုးမရှိသေးပါဘူး။

 

ဓာတ်ပုံ – MOI