လေပြင်းကြောင့် ချောက်တော်လှန်ရေးတပ် ရိက္ခာတဲပြိုပြီး ရိက္ခာတွေပျက်စီးဆုံးရှုံး၊ ရေစို စားသောက်ကုန်တွေကိုပဲ ချက်ပြုတ်စားသောက်နေရလို့ဆို

Author မင်းထက်
Categories
Published on Jun 10, 2024

မကွေးတိုင်း၊ ချောက်မြို့မှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် အဲဒီမြို့နယ်အခြေပြု Chauk Guerrilla Force-CGF စခန်းရှိ ရိက္ခာတဲပြိုကျပြီး ရိက္ခာပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးသွားတယ်လို့ CGF အဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ထဲ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ Remal ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးကြီး၊ လေပြင်းဒဏ်ခံခဲ့ရရာမှာ ကမ္ဘာ့အပူဆုံးမြို့ဖြစ်ခဲ့တဲ့ မကွေးတိုင်းက ချောက်မြို့နယ်မှာလည်း အဲဒီဒဏ်ခံခဲ့ရပါတယ်။

 

ဒါကြောင့် CGF စခန်းက ရိက္ခာတဲအတွင်း မိုးတွင်းကာလအတွက် စုဆောင်းထားတဲ့ မီးဖိုချောင်သုံးရိက္ခာပစ္စည်းတွေ ရေစိုပျက်စီးကာ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“ဆန်အိတ် နှစ်ဆယ်ကျော်ရယ်၊ ကုလားပဲဆန်၊ ကြာဇံ၊ ငရုပ်ခွဲကြမ်း၊ အရောင်တင်၊ ဆနွင်း၊ အချိုမှုန့်ထုပ်ရယ်၊ ရိက္ခာခြောက်တွေရယ်ပါ။ စုစုပေါင်းကာလတန်ဖိုး သိန်းနှစ်ဆယ်ကျော်ပါခင်ဗျာ။ လတ်တလော စားသောက်မှုအတွက်ကတော့ မိုးဆိုတဲ့ဆန်တွေကိုပဲ ဖြစ်အောင်ချက်ပြုတ်ပြီး စားသောက်နေရပါတယ်ဗျ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 

ဒါကြောင့် ရိက္ခာပိုင်းအတွက် လိုအပ်ချက်များစွာရှိနေပြီး ပြည်သူ့လှူဒါန်းမှုကို စောင့်မျှော်နေတဲ့အပြင် CGF ရဲဘော်တွေရဲ့ မိုးတွင်းရိက္ခာအတွက် ပြည်သူတွေရဲ့ လှူဒါန်းမှုကိုသာ အားကိုးရတော့မယ်လို့ သူက ဆက်ပြောပါတယ်။

 

Chauk Guerrilla Force-CGF အဖွဲ့မှာ အဖွဲ့ဝင် ရဲဘော်/ရဲမေ စုစုပေါင်း ၁၀ဝ ကျော်ရှိပြီး မကွေးတိုင်းထဲ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာ ၂ နှစ်ကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Chauk Guerrilla Force – CGF