ရန်ကုန်မှာ စားအုန်းဆီဝယ်ဖို့ မှတ်ပုံတင်ပါ ပြနေရ

Author ကိုထက်
Categories
Published on Jun 10, 2024

ရန်ကုန်မှာ အခုရက်ပိုင်းတွေအတွင်း စားအုန်းဆီဝယ်ယူရဖို့ ပြန်ခက်ခဲလာပြီး၊ ဝယ်ယူလိုပါက မှတ်ပုံတင်ပါ ပြရတဲ့ အခြေအနေတွေ ဖြစ်လာနေတယ်လို့ ဝယ်ယူခဲ့ရသူတွေဆီက သိရပါတယ်။

 

အခု ဇွန်လဆန်းပိုင်းမှာ ဆီကုန်သည်အသင်းက ရောင်းခိုင်းတဲ့ ကိုယ်စားလှယ်တွေဆီမှာပါ ဆီမရတာတွေ ဖြစ်နေပါတယ်။

 

“မနေ့ကသွားဝယ်လာရတာ။ ဝယ်နေကျ ကိုယ်စားလှယ်ဆိုင်က မဟုတ်ဘူး။ သူတို့ဆီ ကုန်သည်အသင်းက ဂိုဒေါင်ကနေလာရောင်းတာ၊ မှတ်ပုံတင်ပြရတယ်။ လူတိုက်စစ်သေးတယ်။ တစ်ပိဿာဝယ်လို့ရတယ်။ ၅၇၅၀နဲ့”လို့ လှိုင်မြို့နယ် (၁၅)ရပ်ကွက်က စားအုန်ဆီဝယ်ယူခဲ့သူတစ်ဦးက ပြောပါတယ်။

 

ဆီကုန်သည်အသင်းက ချပေးတဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ တစ်ဦးကို ၅၀သားရပြီး၊ အရင်ကလိုတဲ့အချိန်ရနေပေမဲ့ အခုရက်ပိုင်း ဆီမရတာတွေရှိနေတယ်လို့ မြောက်ဥက္ကလာပမြို့နယ်က စားအုန်းဆီ ကိုယ်စားလှယ်ပြန်ရောင်းသူတစ်ဦးက ပြောပါတယ်။

 

“ကျွန်မတို့ဆီကိုတောင် ဆီကရလိုက်မရလိုက် ဖြစ်လာနေတယ်။ ဈေးမငြိမ်လို့ သူတို့ချမပေးသေးတာလား ဘာလားတော့ မသိဘူး။ ဆီရပြီဆိုရင်တော့ ဆီကတ်ဝေပြီး၊ တစ်ယောက်ကို ၅၀သားဆီပေါ့ သူတို့သတ်မှတ်တဲ့ဈေးနဲ့ရောင်းပေးတယ်။ ဒီရက်ပိုင်းတွေမှာက သူတို့ပဲရောင်းပေးနေတယ်လည်း ကြားတယ်။ တန်းစီနေတာတွေလည်းတွေ့တယ်။”လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဧပြီလကစလို့ စားအုန်းဆီတန်းစီဝယ်ယူရတာဟာ ရန်ကုန်မှာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာပါ။

 

ဆီကုန်သည်အသင်းက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးက တစ်ပိဿာကို ၅၃၅၀ကျပ် ရှိပေမဲ့ ပြင်ပပေါက်ဈေးကတော့ တစ်ပိသာကို ၈၆၀၀ကျပ်ကနေ ၁၂၀၀၀ကျပ်အထိ ရှိနေပါတယ်။

 

အခု ဇွန်လ ၆ရက်ကစလို့ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တွေမှာ စားအုန်းဆီတန်းစီတဲ့ ပြည်သူတွေကို ပြန်လည် မြင်တွေ့လာရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – တောင်ဥက္ကလာပမြို့နယ်အတွင်း စားသုံးဆီတန်းစီဝယ်ယူနေသူများကို မြင်ရပုံ