တန့်ဆည်က ရွာတွေကို ရာနဲ့ချီအင်အားရှိတဲ့စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅၀၀၀ ဝန်းကျင် မိုးထဲရေထဲ ရှောင်တိမ်းနေရ

Published on Jun 07, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကြောင်း ဝင်နေလို့ ဒေသခံ ၅၀၀၀ ဝန်းကျင် အရေးပေါ် ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

၅၅၀ မှော်တော် ဘုန်းကြီး ဦးဝါသဝရဲ့ ပျူစောထီးအဖွဲ့က သင်တန်းဆင်းအသစ်တွေနဲ့ စစ်ကောင်စီ တပ်သားတွေ ပူးပေါင်းထားတဲ့စစ်ကြောင်းဟာ ဇွန်လ ၁ ရက်နေ့ ညပိုင်းကတည်းက ရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်ဘက်ကနေ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ အင်တခါး၊ သာယာကုန်း၊ ရွာသစ်၊ ကိုးတောင်ဘို့၊ ဝါးရငယ်နဲ့ ခနုဆည် စတဲ့ကျေးရွာတွေကိုဝင်ရောက်မွှေနှောက်ပြီး  ကျေးရွာနေအိမ်တွေထဲက တန်ဖိုးရှိ ပစ္စည်းတွေနဲ့ အသုံးအဆောင်တွေကို ယူဆောင်သွားတယ်လို့ ခနုသည်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

“ရွာကို စစ်ကြောင်းထိုးလာတယ်။ ကျွန်တော်တို့က မြင်ကတည်းက ပြေးတာပေါ့” လို့ သူက ပြောပါတယ်။

 

ကနဦး တောထဲ ယာယီတဲထိုးနေခဲ့ပေမဲ့ အခုတော့ လှည်းပေါင်းမိုးနဲ့ သစ်ပင်တွေအောက်ဖြစ်သလိုနေနေကြတယ်လို့ အဲဒီအမျိုးသားက ဆက်ပြောပါတယ်။

“သက်ကြီးရွယ်အိုတွေရော၊ လူမမယ်တွေရော အကုန်လုံးဟာ မိုးတွင်းဆိုတော့ ပြေးနေတဲ့အချိန် မိုးတွေမိတာပေါ့” လို့ သူတို့ရဲ့ဒုက္ခကို ၎င်းက ပြောပါတယ်။

 

ဦးဝါသဝရဲ့စစ်ကြောင်းကြောင့် ရွာ ၇ ရွာရှိ အိမ်ခြေ တစ်ထောင်ကျော်က လူဦးရေ ၅၀ဝ၀ ဝန်းကျင်ဟာ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ သူတို့ကို ကူညီနေသူ အမျိုးသားတစ်ဦး‌က CJ Platform ကိုပြောပါတယ်။

 

“(ဦး)ဝါသဝက ခဏခဏ ပျူစောထီးသင်တန်းတွေပေးပြီးရင် စစ်ကြောင်းတွေထိုး အဲဒီလို လုပ်နေတာ။ စစ်ရှောင်တွေက အများကြီးပဲ။ လမ်းဘေးမှာတွေရော၊ လယ်တောထဲတွေမှာရော၊ လယ်လမ်းဘေးက နည်းနည်းအရိပ်ရ နေရာတွေရော၊ နည်းနည်းဝေးတဲ့ ရွာတွေမှာရော ခိုလှုံရတာပေါ့” လို့ သူက ဆိုပါတယ်။

 

ဦးဝါသဝစစ်ကြောင်းဟာ ခနုသည်ရွာထဲမှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက် ၆ နာရီမှာ ကင်းပုန်းအင်အား ၇၀ လောက်ချထားတာကြောင့် ရွာနားကို ကပ်လို့ မရသေးဘူးလို့ သိရပါတယ်။ အဲဒီခနုသည်ကျေးရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံပြည်သူတွေ ပြေးနေရတာ တစ်ပတ်နီးပါးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဒါကြောင့် စစ်ရှောင်တွေအတွက် အမိုးအကာတွေအပါအဝင် စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။

 

တန့်ဆည်မြို့နယ်ထဲက ကဘဲ၊ ဘေရင်း၊ ကျွန်းလည်နဲ့ မူးတိမ်အပါအဝင် မူးမြစ်အနောက်ဘက်ခြမ်းမှ ကျေးရွာ ၅၀ ခန့်က လူဦးရေ ၂၀,ဝ၀ဝ နီးပါးဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်နေရတာ သုံးနှစ်နီးပါးကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ