စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ TNLA ထိန်းချုပ်နေရာတွေမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်

Author လဂွန်းအိမ်
Categories
Published on Jun 06, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ ၁၀၂၇ စစ်ဆင်ရေးအပြီး ငါးလအတွင်း စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ တအောင်းဒေသ မြို့ ခုနစ်ခုမှာ PSLF/TNLA ဟာ ပြည်သူ့အုပ်ချုပ်ရေးစနစ်နဲ့လည်ပတ်နေရာမှာ ယခုအခါ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က သင်တန်းတွေပေးတာအပြင် မြေပြင်အထိ ကွင်းဆင်း စစ်ဆေးတာမျိုးတွေလုပ်နေတယ်ဆိုပြီး ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေနဲ့အတူ သူတို့ရဲ့ တရားဝင်လူမှုကွန်ရက်တွေကတစ်ဆင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်လာကြတာပါ။

 

တရားဥပဒေစိုးမိုးရေးသင်တန်းတွေကို သင်တန်းပေးနေရာမှာ အပတ်စဉ်(၅)အထိ ရှိလာနေပြီဖြစ်ပြီး လေးလကြာမြင့်မယ့် အခုအပတ်စဉ်(၅)ကို မန်တုံမြို့မှာ သင်တန်းသား ၁၅၀ ဦးကို သင်ကြားပေးနေတာဖြစ်တယ်လို့ ပလောင်အမျိုးသားများလွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနောက် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီထုတ်ကုန်တွေ သယ်ဆောင်အသုံးပြုခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ကုန်တင်ယာဉ်များအပါအဝင် ယာဉ်ကြီး/ယာဉ်ငယ်အားလုံးကို ကွတ်ခိုင်မြို့အဝင်/အထွက်နေရာတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 

ဒါ့အပြင် နမ့်ဆန်မြို့နယ်အတွင်း အိမ်စီးကားနဲ့ ဆိုင်ကယ်တို့ တိုက်မိရာမှာ လမ်းကြောင်းမှားယွင်းမောင်နှင်လာတဲ့ အိမ်စီးကားယာဉ်မောင်းကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ယာဉ်မောင်းကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ နမ့်ဆန် ရဲမှူးက ဆိုပါတယ်။

နောက် ဇွန်လ (၁) ရက်နေ့က ကျောက်မဲမြို့မှာဖြစ်ပွားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ယာဉ်နောက်လိုက်သေဆုံးခဲ့ရတဲ့ ကုန်တင်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါသေးတယ်။

 

ဒါ့အပြင် တအောင်းဒေသအတွင်း အစိုးရအဆက်ဆက် ခွင့်ပြုထားတဲ့ သတ္တုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်၊ အမိန့်စာအားလုံးကို အသိအမှတ်မပြုဘဲ ပယ်ဖျက်လိုက်တယ်လို့ PSLF/TNLA က  မေလ ၃၁ ရက် ညပိုင်းက ထုတ်ပြန်ပါတယ်။

 

တစ်ဆက်တည်းဆိုသလို တအောင်းဒေသအတွင်း မြေရှားသတ္ထု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေ အများအပြားရှိနေပြီး အဲဒီလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရမယ်လို့ ဆိုထားပါတယ်။

 

အဲဒီလုပ်ငန်းတွေအနေနဲ့ ဒီနှစ် နိုဝင်ဘာ ၃၀ ရက်မတိုင်ခင် လုက်ကိုင်ခွင့်လျှောက်ထားရမှာဖြစ်ပြီး အခုထုတ်ပြန်ချက်ကို မလိုက်နာဘဲ ဆက်လုပ်နေရင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တအောင်းပြည်သူပိုင်အဖြစ်သိမ်းဆည်းကာ အရေးယူဆောင်ရွက်သွားမယ်လို့ PSLF/TNLA က အမိန့်ထုတ်ထားပါတယ်။

 

ဒါဟာ တအောင်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် တခြားရေရှည်အကျိုးစီးပွားအတွက် အစီအမံတွေဆောင်ရွက်နေတဲ့ကာလမလို့ အခုလိုလုပ်ငန်းတွေရပ်ဆိုင်းထားရတာလို့ ဆိုပါတယ်။

 

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးထဲ TNLA ဟာ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့ ခုနစ်ခုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။

 

အဲဒီမြို့တွေအပါအဝင် PSLF/TNLA ရဲ့ အုပ်ချုပ်ရေးနယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဆောင်ရွက်သွားမှာဖြစ်ပြီး PSLF/TNLA အနေနဲ့လည်း လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံပြည်သူလူထုနဲ့ ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA