မင်းလှမှာ စစ်မှုထမ်းဖို့အတွက် လူငှားရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေ ငွေကြေးကောက်ခံ

Published on Jun 01, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ် ဘွတ်စိန်ပု ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ ရွာမှာ လိုက်မယ့်သူမရှိတာကြောင့် ငှားထည့်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ ၃၁ ရက်က တစ်အိမ်ကို ငါးထောင်ကျပ်ဆီ ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊

 

ဘွတ်စိန်ပုကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး အုပ်ချုပ်ရေးမှူး ဦးညွန့်မြိုင်ဟာ မေလ ၂၀ ရက်တုန်းက လည်း တစ်အိမ်ကို တစ်သောင်းကျပ်ဆီ ကောက်ခံခဲ့သလို ခုကောက်ခံတာဟာ ဒုတိယအကြိမ် ကောက် ခံတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platformကို ပြောပါတယ်။

 

“ရွာထဲမှာ ပေါ်တာဝင်ဆွဲလိမ့်မယ် အဲ့လိုဆွဲတဲ့အခါကျ ပါသွားတဲ့သူရှိရင် အဲ့ငွေကို ထောက်ပံ့မယ် ဘေးကိုငှားထည့်မယ်လို့ ပြောတယ်။ ငွေကောက်တာကလည်း လုပ်လို့ရတဲ့သူကို လုပ်တာပေါ့ ငွေက သူတို့ကိုင်ထားတာ အနီးအနားတော့ ဘယ်မှမကြားသေးဘူး အဲ့လိုငှားထည့်တယ်ဆိုတာ”လို့ အဲဒီဒေသခံအမျိုးသမီးကပြောပါတယ်။

 

အလားတူ ရွေးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက မေလ ၃၁ ရက်မှာ မွန်းတည့် ၁၂ နာရီမှာ စစ်မှုထမ်းအတွက် လူငှားထည့်ဖို့ ၊ပိုက်ဆံကောက်ခံဖို့ အစည်းအဝေးလုပ်ခဲ့ပေမယ့် အုပ်စုကျေးရွာ ဒေသခံတွေက ပိုက်ဆံမထည့်နိုင်ဘူးလို့ ပြောတာကြောင့် အစည်းအဝေးကို ဖျက်သိမ်းခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

 

“ စစ်မှုထမ်းဖို့ လူငှားထည့်ရမယ်ပေါ့ ဘယ်လောက်ဘယ်ရွေ့ဆိုတာထက် အစည်းအဝေးလုပ်တာ သူတို့က ညီတယ် မထည့်နိုင်ဘူးဆိုပြီး ပြန်ကြလို့ အစည်းအဝေး ရုပ်သိမ်းလိုက်ရတယ်”လို့ ပြောပါတယ်။

 

မင်းလှမြို့နယ်၊ ဂွေးတောက်ကုန်းအုပ်စု၊ သရက်တစ်ပင်ကျေးရွာမှာလည်း တစ်အိမ်ကို ငွေတစ်သောင်း ကျပ်ဆီ ကောက်ခံပြီး ငွေ ၃၅သိန်းနဲ့ ငှားတယ်လို့ ကောလဟာလ တွေထွက်ပေါ်နေပေမယ့် ဘွတ်စိန်ပု ကျေးရွာနဲ့  အနီးအနားကျေးရွာတွေမှာ လက်တွေ့မှာတော့ မကြုံသေးဘူးလို့ CJ Platform ရဲ့ ခိုင်မာတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ငွေကြေး၊အခွင့်အရေးရယူတဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ဧပြီ ၂ ရက်က ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမမှာ ခြေလျင်တပ်စုမှူး သင်တန်းသားတွေ၊ ဗိုလ်လောင်းတွေနဲ့ တွေ့ဆုံချိန်မှာ  အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ပေမယ့် ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတာ ပြောသွားခဲ့တာ မရှိခဲ့ဘဲ လက်ရှိမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းအတွက် အကြောင်းပြပြီး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ငွေကြေးကောက်ခံမှုတွေ ဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်