လှိုင်သာယာ(အရှေ့ပိုင်း) ရေဥက္ကံရပ်ကွက် အုပ်ကြီးက စစ်မှုထမ်းစာရင်းမပါလိုသူများကို တစ်ဦးကျပ်ဆယ်သိန်းတောင်းခံ

Author ကိုထက်
Categories
Published on Jun 01, 2024

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ရေဥက္ကံရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ စာရင်းမပါလိုပါက ကျပ်ဆယ်သိန်းပေးဖို့ ပြောဆိုနေတယ်လို့ အဲဒီရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။

 

ဦးထွန်းနိုင်အမည်ရှိသူက ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ သားသမီးတွေကို အဓိကပစ်မှတ်ထား လုပ်ဆောင်နေတာလို့ ရေဥက္ကံရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“အုပ်ကြီး ထွန်းနိုင်လေ။ သူက စာရင်းမပါချင်ဘူးလား။ မပါချင်ရင် ဆယ်သိန်းကနေ စပေးပဲ။ ဈေးတောင် အဲဒီလိုသတ်မှတ်ပြီးတောင်းတာ။ မရှိတဲ့သူတွေကျ စာရင်းကောက်ရင်ပါသွားတာပေါ့။ ပိုက်ဆံရှိတဲ့အိမ်တွေကိုဆို ပိုလုပ်တယ်။ အဲဒီအိမ်တွေက ပေးနိုင်တာတွေလည်းရှိတော့ စာရင်းမပါကြဘူးပေါ့” လို့ သူကပြောပါတယ်။

 

ဒါ့အပြင် အဲဒီအုပ်ချုပ်ရေးမှူးဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ရေဥက္ကံရပ်ကွက်၊ ကျန်စစ်သားလမ်းက ဆိုင်ခန်းတွေကို ကျူးကျော်ဆိုပြီး စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ရှင်းလင်းခဲ့တဲ့သူလို့ သူက ဆက်ပြောပါတယ်။

 

“ဟိုးနှစ်(၂၀၂၂)က ဆိုင်ခန်းဖျက်တာ သူ့ကိုပိုက်ဆံပေးရင် ဖျက်တဲ့အထဲမပါဘူးဆိုပြီးပြောပြီးတော့ ပိုက်ဆံတွေကောက်တာ။ စစ်တပ်ကလာရော အကုန်လုံးကိုဖျက်သွားပဲ” လို့ အဲဒီရပ်ကွက်နေသူက ပြောပါတယ်။

 

ရန်ကုန်က မြို့နယ်အချို့မှာ စစ်မှုထမ်းမဲ့သူတွေကို ထောက်ပံ့ဖို့လို့ဆိုကာ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံနေပါတယ်။

 

မြို့တွင်းမြို့နယ်‌တွေမှာ တစ်အိမ်ထောင်ကို ကျပ် ၅၀ဝ၀ ကောက်နေပြီး ကျေးရွာတွေမှာတော့ တစ်အိမ်ထောင်ကို ကျပ် ၁၅,၀ဝ၀ ကနေ ၃၀,ဝ၀ဝ အထိ အုပ်ချုပ်ရေးမှူးတွေက ကောက်နေတာဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ ဧပြီလမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ အဖြစ် လူငယ် ၅,ဝ၀ဝ ခန့်ကို စစ်သင်တန်း စတင်ပေးခဲ့ပြီး ယခုမေလ ၁၄ ရက်မှာလည်း အပတ်စဉ် ၂ စစ်သင်တန်းတွေကို စတင်ပေးနေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်